ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား လီရွိုင်း ဆာနေးက သူတို့အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်မှာ ပြိုင်ဘက် အာဆင်နယ်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ဆီ တက်မယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဆာနေးရဲ့ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကလပ် အာဆင်နယ်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး ပထမအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာ ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Standard

အာဆင်နယ် ၂-၂ ဘိုင်ယန်မြူးနစ် ပွဲစဉ်မှာ ဆာနေးက ဟယ်ရီကိန်း ၊ ဂနာဘရီ စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ဘိုင်ယန်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့ရသလို သူက ဘိုင်ယန်မြူးနစ် အတွက် ပင်နယ်တီ တလုံး ရယူပေးခဲ့ပါသေးတယ်။

ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပေမယ့် ဘောလုံးရေးရာ သုံးသပ်သူ အများစုက လက်ရှိခြေစွမ်းပိုင်းအရ အာဆင်နယ်ကသာ ဘိုင်ယန်မြူးနစ်ကို နောက်ကောက်ချကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ဆိုနေကြပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဆာနေးကတော့ သူတို့အသင်းဟာ အာဆင်နယ်ကို အိမ်ကွင်း အလိုင်းယန့်ဇ် အရီနာမှာ အနိုင်ကစားပြီး ဆီမီးဖိုင်နယ်ဆီ တက်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆာနေးက – “ကျွန်တော်တို့က အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ ရာသီကုန်အထိ ကြိုးစားအားထုတ်မှုအပြည့်နဲ့ ပွဲစဉ်တိုင်းကို ယှဉ်ပြိုင်သွားမယ် ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကို ခင်ဗျားတို့တွေ ငြင်းလို့ မရပါဘူး။ ကျွန်တော်တို့ တသင်းလုံးက ကြိုးစားပမ်းစား ကစားခဲ့ကြပါတယ်။ ဒါက ဘိုင်ယန်မြူးနစ်အစစ်ပါပဲ။ ကျွန်တော်တို့က ဒုတိယအကျော့မှာလည်း ဒီပုံစံအတိုင်းပဲ ဆက်ကစားပြီး နိုင်ပွဲကို ရိုးရိုးလေးနဲ့ သိမ်းပိုက်သွားမှာပါ။ အလိုင်းယန့်ဇ် အရီနာမှာ ရှိနေမယ့် ကျွန်တော်တို့ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ဆီ တက်မယ်လို့ ဆုံးဖြတ်ချက် ချပြီးသားပါ။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ဆီ တက်နိုင်လိမ့်မယ်လို့လည်း အပြည့်အဝ ယုံကြည်ထားပါတယ်။ အာဆင်နယ်က အသင်းကောင်း တသင်းဖြစ်လို့ အဲ့ဒီပွဲက ခက်ခဲမယ် ဆိုတာတော့ သိပြီးသားပါ။ ကျွန်တော်က ဒုတိယအကျော့ကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး” လို့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။