ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဆန်ချိုက အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းဟောင်း ဒေါ့မွန်ဆီ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာတောင်ပံကစားသမား ဆန်ချိုက မန်ချက်စတာ စီးတီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက မန်ချက်စတာ စီးတီး ကနေ ဒေါ့မွန်ထံ ပြောင်းရွှေ့ပြီးနောက် ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဆန်ချိုက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၁၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅၀ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ၂၀၂၁ခုနှစ်မှာ ဆန်ချိုကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိပြီးနောက် အသင်းနဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ်ပဲ ရရှိထားပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဆန်ချိုအပေါ် စတင် စိတ်ပျက်လာကြသလို ဆန်ချိုကလည်း သူ့ရဲ့ ကစားပုံဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ မကိုက်ညီဘူးလို့ ယူဆနေတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေပါတယ်။

ဒေါ့မွန်နဲ့ နီးစပ်တဲ့ နာမည်ကြီး ဂျာမန်သတင်းထောက် ဆူဒက်ရှီ ဇာအိတန်ရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ လာမယ့် နွေဈေးကွက် အတွင်းမှာပဲ ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ချင်နေပြီး ဒေါ့မွန်ကလည်း ဆန်ချိုကို အသင်းဆီ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေတာကြောင့် မကြာခင်မှာပဲ ဒေါ့မွန် ၊ ဆန်ချိုနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ဆန်ချိုရဲ့ အငှားအပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရပါတယ်။