မနေ့ကပဲ အသင်းဟောင်း ဒေါ့မွန်အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့တဲ့ တောင်ပံ တိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုက ကိုယ့်အိမ်ကို ပြန်ရောက်နေရသလို ခံစားချက်မျိုးတွေ ခံစားမိရတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်နေရာကနေ အခုဆို အသင်းဟောင်း ဒေါ့မွန်ဆီပါ ရာသီကုန်အထိ အငှားစာချုပ်နဲ့ပါ ပြန်လည် ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Opta Analyst

မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် (၂)နှစ်နီးပါးခန့် ကြိုးပမ်းခဲ့ရတာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာပဲ ယူရို (၈၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုက ယူနိုက်တက်မှာ (၂)ရာသီထိ ကစားပြီးချိန်မှာတောင် (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။

ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရရင်း အသင်းနည်းပြနဲ့ပါ မပြေမလည် ဖြစ်လာခဲ့ရလို့ ပွဲကစားခွင့် မရရှိပဲ ချောင်ထိုးခံရာကနေ အခု အသင်းဟောင်းဆီ အငှားနဲ့ပါ ပြန်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။ ဒီလို ဒေါ့မွန်အသင်းဆီ ပြန်ရောက်သွားတဲ့ ဆန်ချိုက “ဒီနေ့ အသင်း အဝတ်လဲခန်းထဲကို ရောက်ရှိသွားတော့ ကိုယ့်အိမ်ကို ပြန်ရောက်သွားသလို ခံစားမိရတယ်။”

Photo Credit : The Independent

“ကျွန်တော်က ဒီအသင်းအကြောင်းကို ကောင်းကောင်း သိထားပါတယ်။ ကျွန်တော်က ဒီအသင်းပရိသတ်တွေနဲ့ အမြဲတမ်း တရင်းတနှီး ရှိနေသလို ဒီအသင်းက လူတွေနဲ့လည်း ဘယ်တော့မှ အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ ကျွန်တော့် အသင်းဖော်တွေနဲ့ ပြန်လည် တွေ့ဆုံပြီး ကွင်းထဲမှာ ဘောလုံးကစားရဖို့။”

“မျက်နှာပေါ်မှာ အပြုံးတွေနဲ့အတူ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင် ကစားရဖို့ ၊ ဂိုးဖန်တီးမှု လုပ်ပြီး ဂိုးတွေ သွင်းယူပေးဖို့ ၊ အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးသွားဖို့အတွက် တကယ်ကို မစောင့်နိုင်တော့ပါဘူး။” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။