၂၀၂၄-၂၀၂၅ ဘောလုံးရာသီရဲ့ နွေအပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးနေ့ ဈေးကွက်ပိတ်သိမ်းခါနီးလေးမှာ ချယ်လ်ဆီးအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို အငှား + အပြီးသတ်နဲ့ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။
အသက် (၂၄)နှစ်အရွယ် ဘယ်တောင်ပံကစားသမား ဆန်ချိုဟာ ၂၀၂၁ခုနှစ်ကမှ ဒေါ့မွန်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ရင်း ယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ (၃၀၀၀၀၀)အထိ ရရှိခဲ့ပေမယ့်လည်း အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : Goal
တည်ငြိမ်တဲ့ ခြေစွမ်းတွေ မပြသနိုင်တဲ့အပြင် နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ ရာသီမှာပဲ ယူနိုက်တက်အတွက် ပွဲအနည်းငယ်သာ ကစားခဲ့ရသလို အသင်းဟောင်း ဒေါ့မွန်ဆီလည်း အငှားချခံခဲ့ရပါတယ်။ အခုတော့ ဆန်ချိုဟာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရပြီဖြစ်ပြီး ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပါတယ်။
လန်ဒန်မှာ ကြီးပြင်းလာခဲ့တဲ့ ဆန်ချိုဟာ ချယ်လ်ဆီးအသင်းကို အားပေးခဲ့သူဖြစ်ပြီး ချယ်လ်ဆီးရဲ့ legend players ကြီးတွေဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာနဲ့ ဖရန့် လမ်းပတ်တို့ကို သဘောကျ နှစ်သက်ခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်ချိုက လန်ဒန်ကိုရော သူ အားပေးခဲ့တဲ့ ချယ်လ်ဆီးဆီကိုပါ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။
Photo Credit : Football Transfer
ချယ်လ်ဆီး ကစားသမား ဖြစ်လာခဲ့တဲ့ ဆန်ချိုက “ဒီမှာ ရှိနေရတာ တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ လန်ဒန်ဟာ ကျွန်တော် ကြီးပြင်းလာခဲ့တဲ့ နေရာဖြစ်ပြီးတော့ ဒီကို ပြန်လာရတာလည်း အရမ်း ဝမ်းသာမိပါတယ်။ နည်းပြဖြစ်သူကတော့ ကျွန်တော့်ကို အသင်းရဲ့ ပရောဂျက်တွေနဲ့ ပတ်သက်ပြီး ပြောပြလာတော့ ဒီပရောဂျက်တွေက ကျွန်တော့်လို လူငယ် ကစားသမား တစ်ဦးအတွက် စိတ်လှုပ်ရှားဖို့ကောငး်ပါတယ်။”
“ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေ သွင်းယူနိုင်ပြီး ဂိုးဖန်တီးမှုတွေ ယူဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီအသင်းအတွက် ပါဝင်ကစားပေးဖို့လည်း မစောင့်နိုင်တော့ပါဘူး။” လို့ ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်ချိုဟာ တိုက်စစ်ကစားသမားတွေ ပေါများနေတဲ့ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့အတွက် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့လည်း လိုအပ်နေပါတယ်။