မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အသင်းပြောင်းဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျေဒန် ဆန်ချိုဟာ သူ့ရဲ့ စိတ်ဓာတ်နဲ့ သဘောထားကို ပြင်ဆင်နိုင်ခဲ့ရင် အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်ကြောင်း ချယ်လ်ဆီး ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ရောဘတ်တို ဒီ မတ်တီယိုက ပြောကြားလိုက်ပါတယ်။
ဆန်ချိုရဲ့ အနာဂတ်ဟာ လက်ရှိအချိန်မှာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ချယ်လ်ဆီးအသင်းက သူ့ကို မန်ယူနိုက်တက်ဆီ ပြန်ပို့ဖို့အတွက် ဒဏ်ကြေးပေးပြီးနောက် ဆန်ချိုဟာ အသင်းရဲ့ “ရောင်းထုတ်ခံရမယ့် လူစာရင်း” (bomb squad) ထဲမှာ ပါဝင်နေပြီး ပထမအသင်းနဲ့ ခွဲခြားပြီး လေ့ကျင့်နေရပါတယ်။ ဒီအုပ်စုမှာ အလက်ဟန်ဒရို ဂါနာချို၊ တိုင်ရဲ မာလာစီယာနဲ့ အန်တိုနီတို့လည်း ပါဝင်ပါတယ်။
Photo Credit : Metro
ဒေါ့မွန်နဲ့ ဂျူဗင်တပ်စ်တို့ဟာ ဒီနွေရာသီမှာ ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ကလည်း အသက်(၂၅)နှစ်အရွယ် ကစားသမားကို လက်လွှတ်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ချယ်လ်ဆီး ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ရောဘတ်တို ဒီ မတ်တီယိုကတော့ ဆန်ချိုမှာ အရည်အချင်းတွေ ရှိနေဆဲဖြစ်ပြီး သူ့ရဲ့အလားအလာကို အပြည့်အဝအသုံးချနိုင်ဖို့ ကြိုးစားရဦးမယ်လို့ ယုံကြည်နေပါတယ်။
BetVictor နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောကြားရာမှာ “ဒါတွေအားလုံးဟာ ဂျေဒန် ဆန်ချိုအပေါ်မှာပဲ မူတည်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူမှာ အရည်အချင်းတွေ အများကြီးရှိသလို ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာဖို့ အလားအလာတွေလည်း အများကြီးရှိပါတယ်။ သူ ဘာကြောင့် ခြေစွမ်းမတည်ငြိမ်ရတာလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ ဒေါ့မွန်ကို ပြန်သွားပြီး ချန်ပီယံလိဂ် ဖိုင်နယ်ကို ရောက်ဖို့ ကူညီပေးနိုင်ခဲ့တယ်၊ သူ ဘယ်လောက်ကောင်းလဲဆိုတာကို ကျွန်တော်တို့ကို ပြန်ပြခဲ့ပါတယ်။ ဒါက သူ့အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်။”
Photo Credit : The Straits News
“သူရဲ့ ကစားသမားဘဝနဲ့ပတ်သက်ပြီး သူ ဘာလုပ်ချင်လဲဆိုတာ သူ့အပေါ်မှာပဲ လုံးဝ မူတည်ပါတယ်။ ဒေါ့မွန်က အသင်းကြီးပါ။ ဂျူဗင်တပ်စ်ကတော့ သမိုင်းနဲ့ ဗိုလ်စွဲမှုတွေအရ ပိုတောင် ကြီးမားတဲ့ အသင်းပါ။ သူတို့က အမြဲတမ်း ဗိုလ်စွဲဖို့ ယှဉ်ပြိုင်နေကြတယ်။ ဒါပေမဲ့ ဒါက သူ့ရဲ့ စိတ်ဓာတ်အပေါ်မှာပဲ တကယ်မူတည်နေပါတယ်။ သူ့ရဲ့ စိတ်ဓာတ်နဲ့ သဘောထားအပေါ်မှာပဲ မူတည်နေပါတယ်။ သူ ဘာလိုချင်တာလဲ။ ဘောလုံးသမိုင်းမှာ အမှတ်ရနေမယ့် ကစားသမားတစ်ယောက် ဖြစ်ချင်တာလား။ ဒါမှမဟုတ် နှစ်စဉ် အသင်းတွေ ဆက်ပြောင်းနေချင်တာလား။ ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာဆီ ရောင်းချနိုင်ခဲ့ပြီး အခုတော့ ဆန်ချို၊ အန်တိုနီ၊ မာလာစီယာတို့လို ကစားသမားတွေကိုလည်း လက်လွှတ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အပြီးသတ်ပြောင်းရွှေ့ကြေး ဘယ်လောက်ရရ ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ ဆန်ချိုကို ခေါ်ယူခဲ့တဲ့ ပေါင်(၇၃)သန်းအပေါ် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။