မန်ချက်စတာ ယူနိုက်တက်အသင်းက တောင်ပံကစားသမား ဂျေဒန် ဆန်ချိုရဲ့ အသင်းသစ်ပြောင်းရွှေ့ရေး အနာဂတ်မှာ မရေရာမှုများနဲ့သာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းများအရ သိရှိရပါတယ်။
ယူနိုက်တက်အသင်းဘက်က ရိုးမားရဲ့ ပေါင် သန်း(၂၀)တန် ကမ်းလှမ်းချက်ကို လက်ခံဖို့ အဆင်သင့်ရှိနေပေမယ့်လည်း ဆန်ချိုနဲ့ ရိုးမားအသင်းကြားတွင် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခြင်း မရှိသေးတဲ့အတွက် အဲ့ဒီအပြောင်းအရွှေ့မှာ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေပါတယ်။ ကစားသမားဖြစ်သူ ဆန်ချိုကိုယ်တိုင်က ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ရှိအချိန်ထိ လက်မခံသေးကြောင်း သိရပါတယ်။
Photo Credit : French Football Weekly
အလားတူပဲ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းကလည်း ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း နှစ်ဖက်ကြား ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိသေးဘဲ အပြောင်းအရွှေ့မှာ ရပ်တန့်နေဆဲ ဖြစ်နေပါသေးတယ်။
သတင်းရင်းမြစ်များရဲ့ ဖော်ပြချက်အရ ဆန်ချိုဟာ စက်တင်ဘာလမတိုင်မီအထိ တူရကီလိဂ်ဆီ ပြောင်းရွှေ့ဖို့အတွက် စဉ်းစားဦးမှာ မဟုတ်တာကြောင့် ဘက်ဆစ်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိသေးကြောင်း သိရပါတယ်။
Photo Credit : NewsBytes
မန်ယူနိုက်တက်အသင်းနဲ့ အဆင်မပြေ ဖြစ်နေရတဲ့ ဆန်ချိုဟာ အသင်းဟောင်း ဒေါ့မွန်နဲ့ ချယ်လ်ဆီးအသင်းတွေဆီ အငှားထွက်ကစားခဲ့ရပေမယ့်လည်း ဒီအသင်းတွေနဲ့ အပြီးသတ် အပြောင်းအရွှေ့တွေ မဖြစ်ပေါ်ခဲ့သလို အခုထိလည်း ကလပ်အသင်းသစ် ရရှိဖို့က ခက်ခဲနေဆဲ ဖြစ်နေပါတယ်။
လက်ရှိအခြေအနေအရ ဆန်ချိုဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းနှစ်ခုလုံးရဲ့ ကမ်းလှမ်းမှုများကို ငြင်းဆန်ထားဆဲဖြစ်ပြီး သူရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်ကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။