ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့မှာ ကစားခဲ့ဖူးသလို လက်ရှိမှာ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်မှာ ကစားနေတဲ့ ချီလီကြယ်ပွင့် အလက်ဆစ် ဆန်းချက်ဇ်က သူသာ ဂွာဒီယိုလာရဲ့ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ခဲ့ရင် ချန်ပီယံလိဂ်ဖလား ရနေလောက်ပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ချီလီလက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က အူဒီးနိစ် ၊ ဘာစီလိုနာ ၊ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ အင်တာမီလန် စတဲ့ ဥရောပရဲ့ နာမည်ကြီးကလပ်တွေမှာ ကစားခဲ့သူ ဖြစ်ပြီး အာဆင်နယ်မှာ ကစားခဲ့တဲ့ အချိန်တွေဟာ ဆန်းချက်ဇ်ရဲ့ ကစားသမား ဘဝ အကောင်းဆုံးအချိန်တွေပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အာဆင်နယ်မှာ ကစားခဲ့စဉ်က ဆန်းချက်ဇ်ဟာ အိုဇေးလ် ၊ ကာဇိုလာ ၊ ဂျရူးတို့နဲ့ တွဲဖက်ကာ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး သူက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က သူ့ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားခဲ့ကြပြီး ဆန်းချက်ဇ်ဟာ ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ငြင်းပယ်ကာ မော်ရင်ဟို ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဆန်းချက်ဇ်က အာဆင်နယ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် အဆိုးဝါးဆုံး ခေါ်ယူမှုတွေထဲက တခု အဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပြီး ဆန်းချက်ဇ်ဟာ ၂၀၂၀ခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် ကနေ အင်တာမီလန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ ဆန်းချက်ဇ်က အာဆင်နယ် ကနေ ထွက်ခွာခဲ့တဲ့ အချိန်မှာ ဘာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့လဲ ဆိုတာကို ရှင်းပြလာခဲ့ပြီး သူက မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ စီစဉ်ပြီးမှ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ကြောင်း ဆိုလာပါတယ်။

အလက်ဆစ် ဆန်းချက်ဇ်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့မိလို့ နောင်တ မရပါဘူး။ ဖြစ်သမျှ အရာတိုင်းမှာ အကြောင်းပြချက်တွေ ရှိပါတယ်။ ကျွန်တော်က မန်ချက်စတာ စီးတီးဆီ ပိုပြီး ပြောင်းချင်ခဲ့တယ် ဆိုတာ အမှန်ပါ။ ကျွန်တော်က ဂွာဒီယိုလာနဲ့တောင် နေ့တိုင်း စကားပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရတ်ကြီး ကျွန်တော်နဲ့ အလဲအထပ် လုပ်မယ့် မန်ချက်စတာ စီးတီးရဲ့ ကစားသမား တယောက်က အာဆင်နယ်ဆီ မပြောင်းချင်တော့ဘူး ဆိုပြီး ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ မော်ရင်ဟိုနဲ့ မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့်ဆီ ရောက်လာတာပါ။ တကယ်လို့ ကျွန်တော်သာ မန်ချက်စတာ စီးတီးဆီ ပြောင်းဖြစ်ခဲ့ရင် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ဆုဖလားကို ရနိုင်ပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ (ချယ်လ်ဆီး ၁-၀ မန်ချက်စတာ စီးတီး) ထူးခြားတဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။