မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲစပြီး (၅)မိနစ်အတွင်းမှာပဲ အနီကတ်ပြခံခဲ့ရတဲ့ ချယ်လ်ဆီးဂိုးသမား ရောဘတ် ဆန်းချက်ဇ်က သူ့ရဲ့အမှားအတွက် လူသိရှင်ကြား တောင်းပန်စကားဆိုလိုက်ပါတယ်။
ပွဲအစပိုင်းမှာပဲ ယူနိုက်တက် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် စပိန်လက်ရွေးစင်ဂိုးသမားဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီအမှားအပြီးမှာတော့ ဆန်းချက်ဇ်က သူ့ရဲ့ Instagram မှာ အခုလို ရေးသားခဲ့ပါတယ်။”ဒီနေ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ အဲ့ဒီအတွက် တကယ်ကို တောင်းပန်ပါတယ်။ အသင်းသားတွေ ဒုတိယပိုင်းမှာ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မတတ်နိုင်ခဲ့ပါဘူး။”
Photo Credit : The Sun
ဆန်းချက်ဇ် ထွက်သွားရပြီးနောက် ချယ်လ်ဆီးအသင်းဟာ ပက်ဒရို နက်တိုနဲ့ အက်စ်တေဗာအိုတို့ကို ထုတ်ပြီး ဂိုးသမားသစ် ဂျော်ဂန်ဆန်နဲ့ နောက်ခံလူ အဒါရာဘီအိုယိုတို့ကို ထည့်သွင်းခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စ်မဲရိုးတို့က ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ ကက်စ်မဲရိုးကိုယ်တိုင်လည်း ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ဒုတိယပိုင်းမှာ ချယ်လ်ဆီးအတွက် ထရီဗို ချာလိုဘာက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ယူနိုက်တက်က အနိုင်ရလဒ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။
နည်းပြ အန်ဇို မာရက်စ်ကာကတော့ သူ့ရဲ့ဂိုးသမားကို ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ ဆန်းချက်ဇ်အနေနဲ့ အမ်ဘူမိုကို ဂိုးသွင်းခွင့်ပေးလိုက်သင့်သလားလို့ မေးမြန်းရာမှာ မာရက်စ်ကာက “ဒါက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။ ဘာလို့လဲဆိုတော့ ကစားဖို့ (၉၅)မိနစ်ကျန်သေးတယ်လေ။ သူ တစ်စက္ကန့်၊ နှစ်စက္ကန့်အတွင်းမှာ ဆုံးဖြတ်ချက်ချရတာမို့လို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုမေးရင်တော့ (၃)မိနစ်မှာ တစ်ယောက်လျော့သွားတာက တစ်ဂိုးပေးပြီးမှ တစ်ယောက်လျော့သွားတာထက် ပိုကောင်းပါတယ်။” လို့ ရှင်းပြခဲ့ပါတယ်။
Photo Credit : The Chelsea Chronicles
ဆန်းချက်ဇ်ဟာ ဒီအနီကတ်ကြောင့် တစ်ပွဲသာ ပွဲပယ်ခံရမှာဖြစ်ပြီး အဲ့ဒါကလည်း လာမယ့်သီတင်းပတ်လယ်မှာ ကစားမယ့် လင်ကွန်းအသင်းနဲ့ ကာရာဘောင်းဖလားပွဲစဉ်သာ ဖြစ်ပါတယ်။ သူဟာ လာမယ့် စနေနေ့ ဘရိုက်တန်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။