အခုနှစ် နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းက ကစားသမားသစ်တွေ များစွာခေါ်ယူထားခဲ့ပြီး အဲ့ဒီကစားသမားတွေထဲမှာ အမေရိကန်က ဆယ်ကျော်သက် ဂိုးသမားလေး ဂါဘရီရယ်ဆလိုနီနာလည်း ပါဝင်နေပါတယ်။ ဒီကစားသမားလေး လာမယ့် ဇန်နဝါရီမှာပဲ ချယ်လ်ဆီးအသင်းနဲ့ လာရောက် ပူးပေါင်းလာနိုင်တော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပါဝင်ကစားဖို့အတွက် အခွင့်အရေးတွေပါ ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sporting News

အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အမေရိကန် လူငယ်ဂိုးသမားလေး ဆလိုနီနာဟာ သူရဲ့လက်စွမ်းကောင်းတွေကြောင့် ရီးယဲလ်မက်ဒရစ် ချယ်လ်ဆီးတို့လို ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနိုင်ခဲ့သူဖြစ်ပြီး ဒီနှစ်နွေမှာပဲ အမေရိကန်သူဌေး တော့ဒ်ဘိုလီရှိရာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ချယ်လ်ဆီးဂိုးသမား ဖြစ်လာခဲ့တဲ့ ဆလိုနီနာဟာ အသင်းနဲ့ ချက်ချင်း ပူးပေါင်းခြင်း မရှိသေးပဲ လက်ရှိကလပ် ချီကာဖိုဖိုင်းယားအသင်းမှာသာ ပါဝင်ကစားနေရင်းနဲ့ လာမယ့် ဇန်နဝါရီမှာတော့ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းခွင့်ရတော့မယ့် အခြေအနေ ရှိနေတဲ့ ဆလိုနီနာက “ကျွန်တော် မစောင့်နိုင်တော့ဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးက ဘယ်လိုပုံစံလဲဆိုတာ မြင်တွေ့ရဖို့အတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေမိပါပြီ။ ချယ်လ်ဆီးက တာဝန်ရှိသူတွေနဲ့ စကားပြောတုန်းက သူတို့ ကျွန်တော့်ကို ပြခဲ့တဲ့ လမ်းကြောင်းတွေ ကျွန်တော် အရမ်းကြိုက်ခဲ့တယ်။ ပြီးတော့ ဒါက ချယ်လ်ဆီးလေ ညံ့ဖျင်းတဲ့ အသင်းတစ်သင်းမှ မဟုတ်တာ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အမေရိကန်-ပိုလန်နွယ်ဖွား ဆလိုနီနာဟာ ၂၀၁၃ခုနှစ်ကတည်းက အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းရဲ့ လူငယ်အကယ်ဒမီမှာ စတင် ပါဝင်ခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ်မှာပဲ စီနီယာကစားသမား ဖြစ်လာခဲ့သလို အသင်းအတွက် ပွဲကစားခွင့်တွေပါ ခပ်များများ ရရှိလာခဲ့ရင်းနဲ့ ၂၀၂၂ခုနှစ်မှာ အမေရိကန်လက်ရွေးစင်အသင်းအတွက်ပါ စတင် ရွေးချယ်ခံခဲ့ရသလို ကမ္ဘာ့ထိပ်သီး ကလပ်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းဆီကိုပါ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပါတယ်။ များမကြာမီမှာ ချယ်လ်ဆီးကို ရောက်ရှိလာတော့မယ့် ဆလိုနီနာက တင်ဟောင်းဝပ် ဖရီဒယ်တို့လိုမျိုး ပရီးမီးယားလိဂ်မှာ ကျော်ကြားခဲ့ဖူးတဲ့ အမေရိကန် ဂိုးသမားကြီးတွေရဲ့ ခြေရာအတိုင်း စွမ်းဆောင်နိုင်မလားဆိုတာ မကြာခင်မှာပဲ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။