ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ကနေ ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မာဆေးလ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ကာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ပြင်သစ် ဗဟိုနောက်ခံလူ ဝီလီယံ ဆာလီဘာကတော့ သူဟာ လာမယ့်ရာသီမှာ အာဆင်နယ်ဆီ ပြန်လာပြီး သူ့ရဲ့ အရည်အသွေးကို သက်သေပြသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် ဗဟိုနောက်ခံလူ ဆာလီဘာဟာ ၂၀၁၉ခုနှစ်ထဲက ပြင်သစ် လီဂူးဝမ်းကလပ် စိန့်အက်တီယန် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Football London

ဆာလီဘာက အာဆင်နယ်ဆီ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် သူက ယခုချိန်အထိ အာဆင်နယ် အတွက် တပွဲမှ ပါဝင် ကစားပေးရသေးခြင်း မရှိပဲ စိန့်အက်တီယန် ၊ နိုက်စ်နဲ့ မာဆေးလ်တို့လို ပြင်သစ် လီဂူးဝမ်း ကလပ်တွေဆီသာ အငှားတွေနဲ့ ပြောင်းရွှေ့ ကစားခဲ့ကာ ၃နှစ်တာ ကာလကို ဖြတ်သန်းခဲ့ရပါတယ်။

ဒါပေမယ့် ဆာလီဘာရဲ့ မာဆေးလ်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားခဲ့မှုက အချည်းနှီး မဖြစ်ခဲ့ပဲ သူက ယခုနှစ် ဘောလုံးရာသီမှာ မာဆေးလ်အတွက် ပြိုင်ပွဲစုံ ၅၂ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့သလို ပြင်သစ် လီဂူးဝမ်းရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ ဖြစ်သူ အာတီတာက လာမယ့်ရာသီမှာ ဆာလီဘာကို အသင်းထံ ပြန်ခေါ်ကာ ပုံမှန် ပွဲထွက်ခွင့် တနေရာစာ ပေးဖို့ စီစဉ်နေပြီး ဆာလီဘာကလည်း သူဟာ သူ့ရဲ့အရည်အသွေးကို အာဆင်နယ်မှာ သက်သေပြသွားဖို့ စဉ်းစားထားသလို အာဆင်နယ် ပရိသတ်တွေရဲ့ အရှေ့မှာ ကစားချင်ကြောင်းလည်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဆာလီဘာက – “ကျွန်တော်က အာဆင်နယ်နဲ့ သက်ဆိုင်တဲ့ ကစားသမား တယောက်ပါ။ ကျွန်တော်က အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ၂နှစ်တောင် ကျန်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်က အာဆင်နယ်ဆီ ပြန်သွားမှာပါ။ ကျွန်တော်က အာဆင်နယ်မှာ တပွဲမှ ပါဝင် ကစားခွင့် မရသေးပါဘူး။ ဒါကြောင့် ကျွန်တော့်မှာ အသင်းနဲ့ ပရိသတ်တွေ အတွက် ကစားပေးနိုင်တဲ့ အရည်အသွေး ရှိကြောင်းကို သက်သေပြချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။