အာဆင်နယ်အသင်းရဲ့ အဓိက ဗဟိုနောက်ခံကစားသမား ဝီလီယံ ဆလီဘာဟာ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လနီးပါး အနားယူရဖွယ်ရှိနေပြီး နည်းပြ မီခေးလ် အာတေတာအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။
အန်ဖီးလ်ကွင်းက ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဆလီဘာဟာ ပွဲစပြီး (၅)မိနစ်အကြာမှာပဲ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့နဲ့ ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။ သူ့နေရာကို နွေရာသီမှာ ဗလင်စီယာကနေ ပေါင် (၁၃)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ခရစ်ရှန် မော့စ်ကွဲရားက ဝင်ရောက်ကစားခဲ့ရပြီး ဒါဟာ သူ့အတွက် ဒုတိယမြောက်ပွဲစဉ် ဖြစ်လာပါတယ်။
Photo Credit : The Independent
ပွဲအပြီးမှာ နည်းပြ အာတေတာက “ဝီလီယံက ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်တုန်းကတည်းက ခြေကျင်းဝတ်လွဲသွားတာပါ။ သူက ဆက်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပေမယ့် ပွဲစပြီး ပထမဆုံး ဘောလုံးထိတွေ့မှု နှစ်ကြိမ်လောက်မှာပဲ သူ ဒယိမ်းဒယိုင်ဖြစ်နေခဲ့တယ်။ သူ မရတော့ဘူးဆိုတာ ကျွန်တော်မြင်နေရလို့ ကွင်းထဲက ထုတ်ခဲ့ရပါတယ်။ ကံကောင်းတာက ကျွန်တော်တို့မှာ မော့စ်ကွဲရား ရှိနေတာပါပဲ။ အန်ဖီးလ်လိုပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် မထင်မှတ်ဘဲ ဝင်ကစားခဲ့ရပေမယ့် သူ တကယ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။” လို့ အာတေတာက ဆိုပါတယ်။
ဆလီဘာရဲ့ ဒဏ်ရာအပေါ် စိုးရိမ်မိကြောင်း အာတေတာက ဝန်ခံခဲ့ပြီး သူ့ရဲ့ စိုးရိမ်မှုဟာ မှန်ကန်ခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန L’Equipe ရဲ့ ဖော်ပြချက်အရ ဆလီဘာဟာ ဒီဒဏ်ရာကြောင့် သုံးပတ်မှ လေးပတ်အထိ အနားယူရဖွယ်ရှိနေပါတယ်။
Photo Credit : Goal
ဒီဒဏ်ရာကြောင့် ဆလီဘာဟာ ပြင်သစ်အသင်းရဲ့ ယူကရိန်း အိုက်စလန်တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ ပြင်သစ်သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ဆလီဘာဟာ အာဆင်နယ်အတွက် အနည်းဆုံး ပွဲစဉ် (၃)ပွဲဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်၊ ဘီလ်ဘာအိုနဲ့ မန်စီးတီးတို့နဲ့ ပွဲတွေကို လွဲချော်ဖို့ ရှိနေပါတယ်။
အစပိုင်းမှာ ဒဏ်ရာကို အကောင်းမြင်ခဲ့ကြပေမယ့် အခုအခါမှာတော့ ထင်ထားတာထက် ပိုမိုဆိုးရွားနေပုံရပါတယ်။ ဒါပေမဲ့ အားကစားကျွမ်းကျင်သူတွေကတော့ အာဆင်နယ်ရဲ့ လူအင်အားဟာ ဆလီဘာမပါဝင်နိုင်မှုကို အစားထိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။ ESPN မှာ သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်စီးတီးနောက်ခံလူဟောင်း နီဒမ် အွန်နူအိုဟာက “ဆလီဘာက အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒါပေမဲ့ အာဆင်နယ်က သူ့ကို အစားထိုးနိုင်မယ့် နည်းလမ်းရှာတွေ့ပါလိမ့်မယ်။ သူတို့ရဲ့ ခံစစ်က အခုလည်း တောင့်တင်းနေဆဲဖြစ်ပြီး အသစ်ရောက်လာတဲ့ ကစားသမားတွေကလည်း အရင်နှစ်တွေကထက် ပိုကောင်းပါတယ်” လို့ ဆိုပါတယ်။