လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက အသင်းနည်းပြသစ် အာနယ် ဆလော့ကို နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်နဲ့ ခိုင်းနှိုင်းပြောဆိုနေမှုတွေဟာ ဆလော့အပေါ် ဖိအားတွေသာ ဖြစ်လာနိုင်တာကြောင့် ဒီလိုတွေ ဖိအားမပေးမိဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

လီဗာပူးလ်ကို ကာလရှည်ကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြကြီး ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ လီဗာပူးလ်က ကလော့ပ်နေရာမှာ ပြန်လည် အစားထိုးမယ့် နည်းပြကို ရှာဖွေခဲ့ရင်း နောက်ဆုံးမှာတော့ ဖိုင်ယင်နော့က နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ဆလော့ကို တာဝန်ပေးလိုက်ပါတယ်။

Photo Credit : talkSPORT

လီဗာပူးလ်ဟာ နည်းပြသစ် ဆလော့လက်ထက်မှာ ပုံစံကောင်းတွေ ပြသထားနိုင်လျက် ရှိနေပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲမှာလည်း အစ်ဝစ်ချ်တောင်းအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရကာ တာထွက်ပါ ကောင်းထားခဲ့ပါတယ်။ ဒါ့အပြင် ဆလော့ရဲ့ နည်းဗျူဟာပိုင်းတွေဟာလည်း လီဗာပူးလ်မှာ အံ့ဝင်လျက် ရှိနေပြီး ပရိသတ်တချို့ကပါ ဆလော့ကို ကလော့ပ်နဲ့ ခိုင်းနှိုင်းမှုတွေအထိ လုပ်ဆောင်လာကြပါတယ်။

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုဆာလာက “ဒါက တော်တော် ကွာခြားပါတယ်။ ယာဂန်က ဒီအသင်းမှာ (၈)နှစ်အထိတောင် ရှိခဲ့တာ ဖြစ်ပြီးတော့ ဒီအသင်းအတွက်ကိုလည်း သူက အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ အခုကတော့ နည်းပြသစ်ရဲ့ စနစ်သစ်တွေအောက်မှာ ကျွန်တော်တို့ လည်ပတ်နေရပါပြီ။”

Photo Credit : ESPN

“ဒါက ကျွန်တော်တို့ အားလုံးအတွက် အတော်လေးကို ကွဲပြားပါတယ်။ ဒါကို ကျွန်တော်တို့က လိုက်လျောညီထွေ ရှိနေဖို့ လိုအပ်ပါတယ်။ နည်းပြသစ်ရဲ့ ကစားဟန်ကို နားလည်ဖို့နဲ့ ဘောလုံးကို ပျော်ရွှင် ကျေနပ်စွာ ကစားနေဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပြကို ဖိအားတွေ ထပ်ပေးနေဖို့ မလိုအပ်ပါဘူး။ ကျွန်တော် ပျော်ရွှင်စွာနဲ့ပဲ ဆက်ကစားသွားပြီးတော့ အဆုံးမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာပဲ စောင့်ကြည့်ရပါမယ်။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဆာလာကတော့ အစ်ဝစ်ချ်နဲ့ပွဲမှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးခဲ့ပြီး သူရဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းယူနိုင်ဆုံး ကစားသမားအဖြစ်နဲ့ပါ စံချိန်တင်သွားခဲ့ရပါတယ်။ ဆာလာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲတွေမှာ သွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။