လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာက သူတို့အသင်းရဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ အသင်းနည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက်က ရခဲ့တဲ့ ချန်ပီယံဆုထက် ဘာကြောင့် ပိုပြီး ထူးခြားတယ်လို့ ခံစားရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့က တော့တင်ဟမ် ဟော့စပါးအသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရပြီး လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို သေချာစေခဲ့တဲ့ပွဲမှာ ဆာလာဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး အခုဆိုရင် ဒီရာသီမှာ ဆာလာက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးအဖြစ်ရော ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ်နဲ့ပါ ဆက်လက် ရပ်တည်နေပါတယ်။
Photo Credit : Football365
အသက် (၃၂)နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမား ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းမှုနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း (၄၆)ကြိမ်အထိ ပြုလုပ်ထားပြီး အခု နောက်ဆုံး သွင်းဂိုးကြောင့် မန်စီးတီး တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂူရိုကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပဉ္စမမြောက် ဂိုးအများဆုံး သွင်းသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဆာလာက လီဗာပူးလ်အသင်း နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း ဆာလာဟာ အဓိက ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် အောင်မြင်မှုမှာတော့ ဆာလာက အသင်းအတွက် ပိုပြီး အရေးပါ အရာရောက်တယ်လို့ သူက ဆိုပါတယ်။ နည်းပြသစ် အသင်းဖော်သစ်တွေနဲ့ အသားကျအောင် ကြိုးစားပြီး အောင်မြင်မှု ရယူနိုင်ခဲ့တာက အန်ဖီးလ်မှာ သူ ဘယ်လောက် အရေးပါသူ ဖြစ်လာတယ် ဆိုတာကို ပြသနေတယ်လို့ ဆာလာက ယုံကြည်နေပါတယ်။
Photo Credit : Reuters
BBC Sport နဲ့ အင်တာဗျူးမှာ ဆာလာက”ဒါ တကယ်ကို မယုံနိုင်စရာပါပဲ။ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး ကျွန်တော့်ရဲ့ အကျိုးသက်ရောက်မှုကလည်း ဒီလောက် ကောင်းခဲ့တာ မယုံနိုင်စရာပါပဲ။ ကျွန်တော့်အတွက်တော့ ဒီချန်ပီယံဆုက ပိုပြီး ထူးခြားတယ်လို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ ကလော့ပ် ဒီမှာ မရှိတော့ဘူး။ ကျွန်တော် အရမ်း လေးစားရတဲ့ တခြား ကစားသမားတွေလည်း မရှိတော့ဘူး။ ဒါပေမဲ့ နည်းပြသစ် အသင်းဖော်သစ်နဲ့ ဒီလို လုပ်ပြနိုင်ခဲ့တာက ကျွန်တော် ဘာတွေ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြလိုက်တာပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဆာလာဟာ ဧပြီလ အစောပိုင်းက လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားတာကြောင့် လာမယ့်ရာသီမှာလည်း ချန်ပီယံဆုကို ကာကွယ်ဖို့ အသင်းနဲ့အတူ ရှိနေမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအတွက် ဒီရာသီမှာ ကစားဖို့ နောက်ထပ် လေးပွဲ ကျန်ရှိနေသေးပြီး လာမယ့်သီတင်းပတ်မှာ ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်း ပွဲစဉ်က စတင်ကစားရမှာ ဖြစ်ပါတယ်။