မနက်ဖြန် Super Sunday မှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး အခုတော့ ဒီပွဲစဥ်မတိုင်ခင်မှာပဲ အသင်းနှစ်သင်းကြား စိတ်ဓာတ်စစ်ဆင်မှုတွေ စတင်လာခဲ့ပြီး လီဗာပူးလ် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ဘဝက လွယ်ကူနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ဆာလာနဲ့ ဟာလန်းတို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် အားအထားရဆုံး အဓိက ကစားသမားတွေ ဖြစ်ကြသလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ဂိုးတွေ အပြိုင်အဆိုင် သွင်းယူနေကြပြီး ဆာလာက သွင်းဂိုး (၂၄)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို ဟာလန်းကလည်း (၁၉)ဂိုးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

Photo Credit : Goal

အခု မန်စီးတီးနဲ့ လီဗာပူးလ်တို့ ထိပ်တိုက် တွေ့ဆုံမယ့် ပွဲမတိုင်ခင်မှာလည်း ဆာလာက ဟာလန်းနဲ့ ပတ်သက်ပြီး “ကျွန်တော် သူ့ကို အင်မတန်လေးစားပါတယ်။ နောက်ဆုံးပွဲအပြီးမှာ ကျွန်တော်တို့ တစ်ခါပဲ စကားပြောဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် သူက တိုက်စစ်မှူးဖြစ်တော့ သူ့ဘဝက ပိုလွယ်ကူပါတယ်။ သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။”

“ဒါပေမယ့် သူက တိုက်စစ်မှူးအဖြစ် ကစားလို့ သူ့ဘဝက လွယ်ကူတာပါ။ တောင်ပံကစားသမားတစ်ယောက်အနေနဲ့ အဲ့လိုရလဒ်မျိုးရဖို့က အတော်လေး ခက်ခဲပါတယ်။ ဘယ်တောင်ပံကစားသမားမဆို ဒါကို ပြောနိုင်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ကြားမှာ မတူကွဲပြားတဲ့အမြင်တွေရှိတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက တိုက်စစ်မှူးဖြစ်ပြီး ကျွန်တော်က တောင်ပံကစားသမားဖြစ်လို့ပါ။” လို့ မှတ်ချက်ပြု ပြောဆိုသွားပါတယ်။

Photo Credit : The Mirror

ဆာလာရဲ့ လီဗာပူးလ်အသင်းရော ဟာလန်းရဲ့ မန်စီးတီးအသင်းပါ ဒီကြားရက်ထဲမှာ ပွဲကျပ်ပွဲစဥ်တွေ ကိုယ်စီ ကစားထားခဲ့ရတာကြောင့် ပွဲပန်းမှုဒဏ်ကို အနည်းနဲ့အများ ခံနေရမှာ ဖြစ်ပေမယ့်လည်း ဟာလန်းကတော့ နယူးကာဆယ်နဲ့ပွဲအတွင်း ရရှိထားခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရီးယဲလ် မက်ဒရစ်နဲ့ပွဲကို လွဲချော်ထားခဲ့ရသလို လီဗာပူးနဲ့ပွဲကိုပါ ပါဝင်ကစားနိုင်ဖို့က မရေမရာ ဖြစ်နေရပါတယ်။

ဒါ့အပြင် လက်ရှိ မန်စီးတီးအသင်းမှာ ဒဏ်ရာရ ကစားသမား အရေအတွက်က များပြားလို့နေပြီး ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာပဲ အဓိက နောက်ခံလူ ဂျွန် စတုန်းစ် ဒဏ်ရာထပ်ရသွားသေးသလို ကာလအတန်ကြာပါ အနားယူရနိုင်ပါတယ်။ စတုန်းစ်အပြင် နောက်ထပ် ခံစစ်ကစားသမား အကန်ဂျီလည်း ဒဏ်ရာရနေတာကြောင့် မန်စီးတီးအနေနဲ့ ပွဲပန်းမှုဒဏ်အပြင် ဒဏ်ရာတွေရဲ့ နှိပ်စက်မှုဒဏ်နဲ့ပါ လီဗာပူးလ်ကို ရင်ဆိုင်သွားရပါလိမ့်မယ်။