ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၆-၁ စပါတာ ပရပ်ချ် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် လီဗာပူးသမိုင်းမှာ ဘယ်ကစားသမားမှ မရဖူးတဲ့ စံချိန်သစ် တခုကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ချက်ကလပ် စပါတာ ပရပ်ချ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဖြစ် ချက်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ရာ လီဗာပူးက စပါတာ ပရပ်ချ်ကို ၁-၅ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးဟာ လူငယ်ကစားသမားတွေကိုသာ ထုတ်သုံးလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် လီဗာပူးနည်းပြချုပ် ကလော့ပ်က ဆာလာ ၊ နူနက်ဇ် စတဲ့ ကစားသမားတွေကို ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်ဖို့ အတွက် ပွဲထွက်လူစာရင်းမှာ ထည့်သွင်း ကစားခဲ့တာကြောင့် လီဗာပူးဟာ ပထမပိုင်းမှာတင် စပါတာ ပရပ်ချ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယပိုင်း အစမှာ နောက်ထပ် သွင်းဂိုး ၂ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးဟာ စပါတာ ပရပ်ချ်ကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် ၁၁-၂နဲ့ ကွာတားဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့ပါတယ်။ လီဗာပူး ၆-၁ စပါတာ ပရပ်ချ် ပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးတွေကို နူနက်ဇ် ၊ ကလက်ခ် ၊ ဆာလာ ၊ ဂတ်ပို ၊ ဆိုဘော့ဇလိုင်း စတဲ့ ကစားသမားတွေက သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Standard

လီဗာပူး ၆-၁ စပါတာ ပရပ်ချ် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ၁ဂိုးသွင်းကာ ၊ ၃ဂိုး အထိ ဖန်တီးပေးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာက ဆွတ်ခူး ရရှိသွားခဲ့ပြီး ဆာလာက အကောင်းဆုံး ကစားသမားဆုအပြင် လီဗာပူးသမိုင်းမှာ ဘယ်ကစားသမားမှ မရဖူးတဲ့ စံချိန်သစ် တခုကို သိမ်းပိုက် ရယူနိုင်ခဲ့ပါသေးတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မိုဟာမက် ဆာလာက စပါတာ ပရပ်ချ်နဲ့ပွဲမှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဒီရာသီမှာ သွင်းဂိုး ၂၀ဂိုး ပြည့်အောင် သွင်းယူနိုင်ခဲ့တာကြောင့် ၇ရာသီဆက်တိုက် သွင်းဂိုး ၂၀ဂိုး ပြည့်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။