သူတို့ လီဗာပူးလ်အသင်းက ဒီနှစ် ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ထားကြောင်း လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မိုဟာမက် ဆာလာက အခိုင်အမာ ကြုံးဝါး ပြောကြားလိုက်ပါတယ်။

မိုဆာလာရဲ့ အကောင်းဆုံး ခြေစွမ်းပြသမှုတွေနဲ့ မနေ့ညက အန်ဖီးလ်ကွင်းမှာ နယူးကာဆယ်အသင်းကို (၄)ဂိုး (၂)ဂိုးနဲ့ နိုင်ပွဲရရှိခဲ့ပြီး အဲ့ဒီပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းက highest XG ကိုပါ (၇.၂၇)အထိ စံချိန်တင်လောက်အောင်ပါ တိုက်စစ်စွမ်းရည်ကောင်းတွေ ပြသသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်အသင်းဟာ အမှတ်ပေးဇယားထိပ်မှာပဲ ဆက်လက် ရပ်တည်နေရင်း ဒုတိယနေရာက အက်စတွန် ဗီလာကို (၃)မှတ် တတိယနေရာက တစ်ပွဲလျော့ မန်စီးတီး နဲ့ စတုတ္ထနေရာက အာဆင်နယ်အသင်းတို့ကိုပါ (၅)မှတ်စီ အမှတ်ဖြတ်တောက်လိုက်နိုင်ပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ဆာလာက “ကျွန်တော်တို့ အသင်းအတွက် ခမ်းနားတဲ့ ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲက အတော်လေး ပြင်းထန်ခဲ့ပြီးတော့ ကျွန်တော်တို့ (၃)မှတ်အပြည့်ရအောင် ယူနိုင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်ပါပြီ။”

Photo Credit : Super Sports

“ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ပွဲတိုင်းကို အနိုင်ရအောင် ကစားသွားဖို့ပဲ လိုအပ်ပါတယ်။ အမှတ်ပေးချန်ပီယံဆုအတွက် ကျွန်တော်တို့မှာ ယုံကြည်မှုတွေ များစွာ ရှိနေပါတယ်။ ကျွန်တော်တို့ဘက်က အလုပ်ကြိုးစားဖို့နဲ့ ကွင်းအတွင်းမှာ စွမ်းဆောင်မှုတွေ ပြသဖို့သာ လိုပါတော့တယ်။”

“တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ရမယ့် အလုပ်ကို သေသေချာချာလေး ကြိုးစား လုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်တို့ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။