အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရပြီး ယခုရာသီမှာလည်း ဆုဖလားမဲ့ ဖြစ်ခဲ့ရပြီးနောက် တောင်ပံကစားသမား ဘူကာယို ဆာကာက ပရိသတ်တွေကို ယုံကြည်မှုအပြည့်နဲ့ အားပေးစကား ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ လိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီး သူတို့ရဲ့ ပရီးမီးယားလိဂ်ဆုဖလား မရရှိသေးတဲ့ စောင့်ဆိုင်းမှုကို အဆုံးမသတ်နိုင်ခဲ့ပြန်ပါဘူး။ ဒါဟာ ဂန်းနားတို့ အင်္ဂလန်ထိပ်တန်းလိဂ်မှာ ဒုတိယနေရာနဲ့ပဲ တတိယနှစ်ဆက်တိုက် ကျေနပ်ခဲ့ရတာဖြစ်ပြီး ခါးသီးမြို့ခံပြိုင်ဘက်ကြီး စပါးအသင်းကတော့ ယူရိုပါလိဂ်ဖလား ဆွတ်ခူးတာကိုလည်း ရင်နာနာနဲ့ ကြည့်နေခဲ့ရပါတယ်။

Photo Credit : Goal

အထူးသဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ် မက်ဒရစ်ကို နှစ်ကျော့လုံး အနိုင်ယူခဲ့ပြီးနောက် အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီမှာ ဆုဖလားရယူရေး မျှော်လင့်ချက်တွေ ပျက်သုဉ်းခဲ့ရပြီး ဂန်းနားတို့ဟာ အဓိက ဆုဖလားကြီးတွေနဲ့ (၄)ရာသီဆက်တိုက် လွဲချော်ခဲ့ရပါတယ်။ အခုတော့ ဆာကာက အားမာန်ပါတဲ့ သတင်းစကားကို ပေးပို့လိုက်ပြီး အာဆင်နယ်ရဲ့ အချိန် ကျိန်းသေရောက်လာမှာပါလို့ ကတိပြုလိုက်ပါတယ်။

သူ့ရဲ့ Instagram ပေါ်က ပို့စ်တစ်ခုမှာ ဆာကာက အခုလို ရေးသားခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို အားလုံးသိပါတယ်။ ဒီအသင်းအတွက် အချိန်အတော်ကြာ မမြင်တွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ပြီးတော့ ကျွန်တော်တို့အချိန် ရောက်လာမှာပါပဲ။” လို့ ရေးသား ဖော်ပြခဲ့ပါတယ်။

Photo Credit : Sky Sports

ဂန်းနားတို့ဟာ လာမယ့်ရာသီမှာ အသင်းကို ပိုမိုတောင့်တင်းအောင် အထူးသဖြင့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူအားဖြည့်ပြီး ထပ်မံ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ မီခေးလ် အာတေတာရဲ့အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သူတို့ရဲ့ ဥရောပမှာ ဆုဖလားမရသေးတဲ့ မှတ်တမ်းဆိုးကို အမြန်ဆုံး ချိုးဖျက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် ဆိုစီဒက်အသင်းရဲ့ စပိန်ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး အသင်းအတွက် အရေးတကြီး လိုအပ်နေတဲ့ အထောင်တိုက်စစ်နေရာအတွက်ကိုလည်း စပို့တင်း လစ္စဘွန်းအသင်းမှာ ဂိုးမြူးနေတဲ့ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။