အာဆင်နယ်တိုက်စစ်မှူးသစ် ဗစ်တာ ယော်ကယ်ရက်စ်ဟာ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲဦးထွက် ကစားခဲ့ရာမှာ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အသင်းဖော်ဖြစ်သူ ဘူကာယို ဆာကာကတော့ သူ့ဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး ဒီခြေစွမ်းဟာ ဆက်လက်တည်ဆောက်သွားနိုင်မယ့် အခြေခံကောင်းတစ်ခု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ပေါင် (၆၄)သန်းတန် တိုက်စစ်မှူးသစ် ယော်ကယ်ရက်စ်ဟာ ထိပ်တန်းအရည်အသွေးတွေကို ပိုင်ဆိုင်ထားပြီး အသင်းသစ်ဝန်းကျင်မှာ ကောင်းကောင်းအသားကျနေပြီဖြစ်ကြောင်း ဆာကာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Photo Credit : Tribuna

အသက် (၂၇)နှစ်အရွယ် ယော်ကယ်ရက်စ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ဘဲ ပွဲချိန်ပြည့်မတိုင်မီ လူစားလဲလှယ်ခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ပရိသတ်အများအပြားက သူ့ရဲ့ ပွဲအတွက်အသင့်ဖြစ်မှုနဲ့ ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးဟာ စပို့တင်း လစ္စဘွန်းကနေ ပြောင်းရွှေ့လာရာမှာ အချိန်ဆွဲခဲ့ရတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အဝ ဆင်းခဲ့ရတာ နှစ်ပတ်ခန့်သာ ရှိပါသေးတယ်။

အင်္ဂလန်တောင်ပံကစားသမား ဆာကာက “ကျွန်တော် သူ့ခြေစွမ်းကို သဘောကျပါတယ်။ သူ ကျွန်တော်တို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ပေးခဲ့တယ်။ ဒါက ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ သူကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ရဲ့ဒီနေ့ခြေစွမ်းက ကျွန်တော်တို့ကို ရှေ့ဆက်တက်လှမ်းဖို့ တည်ဆောက်စရာတစ်ခု ပေးခဲ့ပါတယ်။ လာမယ့်တစ်ပတ်မှာ သူ့အတွက် အထောက်အကူဖြစ်စေမယ်ဆိုတာ ကျွန်တော်သေချာပါတယ်။ သူရော တခြားကစားသမားသစ်တွေပါ အသင်းနဲ့ ကောင်းကောင်း အသားကျနေကြပါပြီ။” လို့ ဆိုပါတယ်။

Photo Credit : The Independent

ယော်ကယ်ရက်စ်ကို ကာကွယ်ပြောကြားခဲ့ပေမယ့် ဆာကာကတော့ အသင်းရဲ့ အလုံးစုံခြေစွမ်းအပေါ်မှာတော့ ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ “ဒါက ခြေစွမ်းကောင်းတဲ့ ပွဲတစ်ပွဲတော့ မဟုတ်ခဲ့ပါဘူး။ အိုးထရက်ဖို့ဒ်ကနေ အမှတ်သုံးမှတ်အပြည့်နဲ့ ပြန်လာနိုင်ခဲ့လို့တော့ ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အမြဲတမ်း စံနှုန်းတွေကို မမီခဲ့ပါဘူး။ အခြေခံကျတဲ့အရာတွေ ပေါ့ဆတဲ့ ဘောလုံးပေးပို့မှုအမှားတွေ ရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ချမှတ်ပုံက မကောင်းခဲ့ဘဲ ဒါက ယူနိုက်တက်ကို အခွင့်အရေးတွေ အများကြီးပေးသလို ဖြစ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အပြစ်ပေးမခံခဲ့ရပေမယ့် ပွဲတိုင်းမှာ ဒီလိုလုပ်လို့မရပါဘူး” လို့ ဆာကာက ရိုးသားစွာ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီနွေရာသီမှာ ယော်ကယ်ရက်စ်၊ မာတင် ဇူဘီမန်ဒီ (ပေါင် ၅၁ သန်း) နဲ့ နိုနီ မာဒူကေး (ပေါင် ၅၂ သန်း)တို့လို ကစားသမားတွေကို ငွေပုံအောပြီး ခေါ်ယူခဲ့တာကြောင့် သူတို့ရဲ့ အရံခုံအင်အားဟာ အလွန်တောင့်တင်းလာခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ဖလားလုပွဲမှာ စိန်ခေါ်နိုင်ဖို့ လုံလောက်တဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည် ပိုင်ဆိုင်ပြီလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။