ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဘူကာယို ဆာကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရိုက်တန်ကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အဆင့်(၁)နေရာဆီ ယာယီ တက်လှမ်းနိုင်ခဲ့တာကြောင့် သူတို့တသင်းလုံး ပျော်နေပါတယ်လို့ ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ယှဉ်ပြိုင်နေရတဲ့အသင်း ဖြစ်ပြီး သူတို့က ယမန်နေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၂) အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Standard

ဘရိုက်တန်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ဘူကာယို ဆာကာက ကိုင် ဟားဗက်ဇ် ၊ ဂျေဇူး စတဲ့ ကစားသမားတွေနဲ့ တွဲဲဲဲဲဖက်ကာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပါတယ်။

အာဆင်နယ်က ချန်ပီယံဆုအတွက် အမှားခံလို့ မရတဲ့ အနေအထားဆီ ရောက်နေတာကြောင့် ပွဲစပွဲဆုံး အိမ်ရှင် ဘရိုက်တန်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပြီး အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၃မိနစ်မှာ ဆာကာ ၊ ပွဲချိန် ၆၂မိနစ်မှာ ဟားဗက်ဇ်နဲ့ ပွဲချိန် ၈၆မိနစ်မှာ ထရော့ဆက် စတဲ့ ကစားသမားတွေက အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Arsenal

ဘရိုက်တန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် အာဆင်နယ်က ရမှတ် ၇၁မှတ်နဲ့ အဆင့်(၁)နေရာဆီ ယာယီ တက်လှမ်းနိုင်ခဲ့ပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာသာ လီဗာပူးက နိုင်ပွဲ မရခဲ့ရင် အာဆင်နယ်ဟာ အဆင့်(၁)နေရာမှာ ဆက်လက် ရပ်တည်နိုင်ဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ ကြယ်ပွင့် ကစားသမား ဆာကာက အဆင့်(၁)နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ အတွက် ပျော်မိကြောင်း ပြောလာတာပါ။ ဆာကာက – “အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့အားလုံး အရမ်းကို ပျော်နေကြပါတယ်။ ဒီနိုင်ပွဲကြောင့် ကျွန်တော်တို့တွေ အဆင့်(၁)ဆီ ပြန်တက်လာနိင်ပါပြီ။ အဲ့ဒီအတွက် ကျွန်တော်တို့အားလုံး ပျော်ရွှင်နေပါတယ်။ ပြီးခဲ့တဲ့ ၃ရက်မှာ ပွဲကစားခဲ့ရပေမယ့် ဒီနေ့ပွဲမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသင်းဖော်တွေ အတွက်လည်း ပျော်မိပါတယ်။ ကျွန်တော်တို့အသင်းက အရှိန်အဟုန် တစ်ခုကို တည်ဆောက်ထားနိုင်ပါပြီ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။