ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘူကာယို ဆာကာကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုဒို ၀-၁ အာဆင်နယ် ပွဲစဉ်မှာ သူ သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို သူ့ရဲ့ နှုတ်ခမ်းနဲ့ သွင်းယူခဲ့တာပါလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ဆိုသလို ရယူထားနိုင်တဲ့ အာဆင်နယ်က ယမန်နေ့ညမှာတော့ နော်ဝေကလပ် ‌ဘိုဒိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ဆာကာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန်နိုင်ပွဲ တပွဲကို ရယူနိုင်ခဲ့ပြီး အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ အတွက် နောက်ထပ် နိုင်ပွဲ ၁ပွဲ ရယူနိုင်ဖို့သာ လိုအပ်ပါတယ်။

Photo Credit: Sky Sports

နော်‌ဝေမြေမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ အိမ်ရှင် ဘိုဒိုက အာဆင်နယ်ကို ဒုက္ခပေးကာ သရေတမှတ် ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကျစ်လျစ်လှတဲ့ ကစားပုံနဲ့ ခံစစ်ကြောင်းကြောင့် အခွင့်အရေး တချို့ ဖန်တီးနိုင်ခဲ့တာကလွဲရင် များများစားစား စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသလို အာဆင်နယ်ကလည်း အဝေးကွင်းမှာ ဘိုဒိုကို ကစားကွက်ပိုင်း အရ အသာစီး ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

ဒါကြောင့်ပဲ ပွဲပြီးအင်တာဗျူးမှာ အာဆင်နယ်ရဲ့ အနိုင်ဂိုးရှင် ဆာကာက ဘိုဒိုဟာ သူတို့အသင်းကို အခက်တွေ့အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သလို သူ့ရဲ့ သွင်းဂိုးကလည်း နှုတ်ခမ်းနဲ့ထိကာ ဝင်သွားတဲ့ သွင်းဂိုး ဖြစ်ကြောင်း ပရိသတ်တွေကို ရှင်းပြသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဆာကာက – “ဒီပွဲက ကျွန်တော်တို့ အတွက် အတော်လေးကို ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့က အခုလို ခက်ခဲမယ် ဆိုတာကိုလည်း ကြိုသိခဲ့ပါတယ်။ ဘိုဒိုက ဥရောပပြိုင်ပွဲတွေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၄ပွဲမှာ နိုင်ပွဲတွေ ရယူထားနိုင်တဲ့ အသင်းပါ။ သူတို့သာ ခြေစွမ်းမကောင်းရင် ဒီလိုစွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲဟာ ခက်ခဲမယ့်ပွဲ ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်က အနိုင်ဂိုးကို နှုတ်ခမ်းနဲ့ သွင်းခဲ့တာလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။