ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘူကာယို ဆာကာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၂-၂ အာဆင်နယ် ပွဲစဉ်မှာ အသင်းကို အနိုင်ရစေမယ့် ပင်နယ်တီအား လွဲအောင် ကန်မိခဲ့လို့ ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ပြိုင်ဆိုင်နေရတဲ့ အာဆင်နယ်က ယခုတပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တဖက် နှစ်ဂိုးစီ သရေကျခဲ့တာကြောင့် ရမှတ် ၁မှတ်သာ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဝက်စ်ဟမ်း ၂-၂ အာဆင်နယ် ပွဲစဉ်မှာ နှစ်သင်းစလုံးက ရမှတ် လိုအပ်ချက်တွေ ရှိနေတာကြောင့် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ချန်ပီယံဆုကို ရည်မှန်းနေတဲ့ အာဆင်နယ်ကတော့ ပွဲစတင်တာနဲ့ ဝက်စ်ဟမ်းကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားခဲ့သလို ဦးဆောင်ဂိုး ၂ဂိုးကိုလည်း ပွဲချိန် ၁၀မိနစ် အတွင်းမှာပဲ အဓိက တိုက်စစ်မှူး ဂျေဇူးနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် အာဆင်နယ်က ပွဲကို ထိန်းချုပ်သွားနိုင်ပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ပွဲချိန် ၃၃မိနစ်မှာ အိမ်ရှင် ဝက်စ်ဟမ်းတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ကွင်းလယ်လူ ဘမ်ရာမာက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းက ချေပဂိုး တဂိုး ပြန်ရပြီးနောက်ပိုင်း နောက်ထပ် ချေပဂိုး တဂိုး ထပ်သွင်းနိုင်ဖို့ ကြိုးစားလာသလို အာဆင်နယ်ကလည်း အနိုင်သေချာစေမယ့် တတိယဂိုး သွင်းနိုင်အောင် ကြိုးစားခဲ့တာကြောင့် ပွဲဟာ အကြိတ်အနယ် ပြန်ရှိလာခဲ့ပါတယ်။

Photo Credit: Football 365

အဲ့ဒီနောက် ပွဲချိန် ၅၂မိနစ်မှာတော့ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီ တယောက် ဂိုးဧရိယာ အတွင်းမှာ ဘောလုံးကို လက်နဲ့ ထိမိခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆာကာက တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက်လွဲအောင် ကန်မိခဲ့တာကြောင့် အာဆင်နယ်တို့ အနိုင်သေချာစေမယ့် တတိယဂိုးကို မရခဲ့ပါဘူး။ ဆာကာ တယောက် ပင်နယ်တီ လွဲပြီး ၂မိနစ် အကြာမှာပဲ တန်ပြန်တိုက်စစ် ကနေ တဆင့် ဘိုဝင်က ဝက်စ်ဟမ်း အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဝက်စ်ဟမ်း ၂-၂ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ် ပရိသတ်တွေက အနိုင်သေချာစေမယ့် ပင်နယ်တီကို ဝင်အောင် မကန်နိုင်ခဲ့တဲ့ ဆာကာအား စိတ်ဆိုးနေကြပြီး ဆာကာကလည်း သူ့ရဲ့ ပင်နယ်တီ လွဲချော်မှု အတွက် ပရိသတ်တွေကို ပြန်လည် တောင်းပန်ခဲ့ပါတယ်။ ဆာကာက – “ဘယ်လို အရာတွေပဲ ဖြစ်လာဖြစ်လာ ကျွန်တော်ကတော့ ကိုယ် တာဝန်ယူရမယ့် အရာတခု အတွက် အမြဲတမ်း တာဝန်ယူသွားပါမယ်။ (ပင်နယ်တီ လွဲချော်မှုအား ရည်ရွယ်လျက်) အရင်ဆုံး ဂန်းနားတွေကို တောင်းပန်ချင်ပါတယ်။ ပြီးတော့ ကျွန်တော်က မှန်ကန်တဲ့ အရာတွေ ပြန်ဖြစ်လာအောင် ဘာမဆို လုပ်ဆောင်သွားပါမယ်” လို့ အာဆင်နယ် ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့တာပါ။