ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် အညံ့ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်တော့မယ့် အရေးကနေ နောက်ဆုံးပွဲမှာ မန်ချက်စတာ စီးတီးအသင်းကို ဂိုးမရှိ သရေကစားပြီး လွတ်မြောက်ခဲ့အပြီးမှာတော့ မန်စီးတီးနောက်ခံလူ ရူဘင် ဒီယက်စ်ကိုပါ လှောင်ပြောင်ခဲ့ပါတယ်။

စိန့်မေရီကွင်းမှာ မန်စီးတီးကို ဂိုးမရှိ သရေရလဒ်ထွက်အောင် ကစားနိုင်ခဲ့တာကြောင့် တန်းဆင်းသွားပြီဖြစ်တဲ့ ဆောက်သမ်တန်အသင်းအတွက်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားတက်စရာဖြစ်ခဲ့ပါတယ်။ အာလင်း ဟာလန်း အပါအဝင် မန်စီးတီးတိုက်စစ်မှူးတွေဟာ ဆောက်သမ်တန်ရဲ့ ခံစစ်အားပြုထားတဲ့ ကစားဟန်ကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ နိုင်ပွဲပါ ရပ်တန့်သွားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီးမှာတော့ ဒီယက်စ်ဟာ သူရဲ့ကွင်းတွင်းခြေစွမ်းကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ခေါင်းကြီးပိုင်းတွေမှာ ပါဝင်လာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပွဲရလဒ်အပေါ် သိသိသာသာ စိတ်ပျက်နေခဲ့ပြီး Sky Sports နဲ့ ပွဲအပြီးအင်တာဗျူးမှာ ဆောက်သမ်တန်ရဲ့ နည်းဗျူဟာပိုင်းနဲ့ အချိန်ဖြုန်းကစားပုံတွေကို ဒေါသတကြီး ဝေဖန်ပြောကြားခဲ့ပါတယ်။

ဒီယက်စ်က “သူတို့လိုအသင်းမျိုးနဲ့ ကစားရတာ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ သူတို့က ကစားဖို့တောင် မကြိုးစားဘူး။ တစ်ပွဲလုံး အချိန်ဖြုန်းနေတယ်။ သူတို့က ပွဲကို ကစားချင်စိတ်ဖြစ်ဖြစ် နိုင်ချင်စိတ်ဖြစ်ဖြစ် ရှိပုံတောင်မရဘူး။ ဒီတိုင်းထိုင်နေကြတာပဲ။ ကျွန်တော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။ အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါပါပဲ။” လို့ ဆိုပါတယ်။

Photo Credit : The Herald

ဆောက်သမ်တန်အသင်းကလည်း ဒီယက်စ်ရဲ့စကားတွေကို အချိန်မဆိုင်းဘဲ သူတို့ရဲ့တရားဝင် ဆိုရှယ်မီဒီယာအကောင့်မှာ ဟာသနှောပြီး ပြန်လည်လှောင်ပြောင်ခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းက “ကစားဖို့တောင်မကြိုးစားဘဲ တစ်မှတ်ရသွားတယ်” ဆိုပြီး အသင်းရဲ့ တရားဝင် X ပေါ်ကနေ ရေးသားခဲ့ပါတယ်။

အိမ်ကွင်းမှာရခဲ့တဲ့ ဒီတစ်မှတ်ကြောင့် ဆောက်သမ်တန်အသင်းဟာ ၂၀၀၇-၀၈ ရာသီက ဒါဘီကောင်တီအသင်းရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ (၁၁)မှတ်သာ ရရှိခဲ့တဲ့စံချိန်ကို လိုက်မီတော့မှာမဟုတ်ဘဲ လိဂ်ရဲ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအသင်းအဖြစ် မှတ်တမ်းဝင်တော့မှာ မဟုတ်တော့ပါဘူး။ မန်စီးတီးအသင်းကတော့ လာမယ့် မေလ ၁၇ ရက်နေ့မှာ ဝင်ဘလေကွင်းမှာ ကစားရမယ့် ခရစ္စတယ် ပဲလေ့စ်နဲ့ FA ဖလားဗိုလ်လုပွဲအတွက် အမြန်ဆုံး ပြန်လည် ပြင်ဆင်ရတော့ပါမယ်။