မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး လူးဝစ် ဆာဟာက ဒီဈေးကွက်မှာ အသင်းကနေ အငှားချထားတဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ဟာ ယူနိုက်တက်အသင်းအပေါ် မရိုမသေ လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်က ဒီရာသီရဲ့ နွေဈေးကွက်ထဲမှာ ဆန်ချိုကို ချယ်လ်ဆီးအသင်းဆီ ဆောင်းဈေးကွက်မှာတော့ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို အက်စတွန် ဗီလာအသင်းဆီနဲ့ အန်တိုနီကို ရီးယဲလ် ဘက်တစ်အသင်းတွေဆီ အသီးသီး အငှားချခဲ့ပြီး ဆန်ချိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို အပြီးသတ် ခေါ်ယူခွင့်တို့ကိုပါ ထည့်သွင်း အငှားချခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
ယူနိုက်တက်ဘက်ကတော့ ဒီကစားသမား (၃)ဦးလုံးကို ၂၀၂၅နွေမှာ အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားချင်နေပြီး ယူနိုက်တက် ကစားသမားဟောင်း ဆာဟာကတော့ ရပ်ရှ်ဖို့ဒ် ဆန်ချို အန်တိုနီတို့ထဲမှာ ရပ်ရှ်ဖို့ဒ် တစ်ဦးတည်းကိုသာ အသင်းဆီ ပြန်ရောက်လာနိုင်မယ့် အခြေအနေမျိုး ရှိနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
Genting Casino နဲ့ အင်တာဗျူးမှာ ဆာဟာက “ရပ်ရှ်ဖို့ဒ်က ဟုတ်တယ်။ အန်တိုနီကတော့ မထင်ဘူး။ သူ ပြောခဲ့တာတွေ လုပ်ခဲ့တာတွေ မှန်မမှန် မသိပေမယ့် လေးစားမှု မရှိတာကို ကြည့်ရင် ချစ်ခြင်းမေတ္တာကိုလည်း မမြင်ဘူး။ ဒါကြောင့် ဖြစ်နိုင်မယ် မထင်ဘူး။ ဆန်ချိုလည်း အတူတူပဲ။ နည်းပြတစ်ယောက်မှာ ရှိတတ်တဲ့ ပြဿနာက အသင်းရဲ့ အာရုံစူးစိုက်မှုကို ထိန်းထားရမှာ ဖြစ်ပြီး ဒီကစားသမား (၂)ဦး (၃)ဦးလောက်ကို ပြန်လာပြီး မှန်ကန်တဲ့ ပုံစံနဲ့ တကယ် ပါဝင်ဖို့ သူတို့ရဲ့ ကစားပုံကို မှန်ကန်တဲ့ ချဉ်းကပ်မှု လိုအပ်တယ်။”
Photo Credit : Goal
“ဒါကို (၁)လ (၂)လပဲ လုပ်ဖို့ မဟုတ်ဘူး။ သူတို့ မရှိတဲ့ အချိန်အတွင်း ဒီမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို သူတို့ တကယ် နားလည်ဖို့ လိုတယ်။ ဒါကြောင့် သူတို့ ဆက်နေနိုင်မယ်လို့ သံသယရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ အသင်းမှာ အခွင့်အရေး ရခဲ့တဲ့အချိန်မှာ အတ္တကြီးလွန်းတာ ဒါမှမဟုတ် လိုက်လျောညီထွေ မဖြစ်နိုင်တာ တွေ့ခဲ့ရတယ်။ လူတွေက အခြေအနေတစ်ခုနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုတယ်” လို့ ပြောခဲ့ပါတယ်။
နည်းပြရူဘင် အမော်ရင်ရဲ့ မန်ယူနိုက်တက်အသင်းဟာ လာမယ့် ဧပြီလ (၁)ရက်နေ့မှာပဲ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားက အဆင့်(၃)နေရာ ရပ်တည်နေတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ အဝေးကွင်း ပွဲကျပ်အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲပြီးတာနဲ့ မန်ချက်စတာဒါဘီပွဲကိုလည်း ကစားသွားရဦးမှာ ဖြစ်ပါတယ်။