ဒီနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေရဲ့ နည်းပြတွေထဲမှာ စပါးအသင်း နည်းပြသစ်ဖြစ်သူ ပိုစတီကိုဂလူးက ရာထူးကနေ အစောဆုံး ထုတ်ပယ်ခံရလိမ့်မယ်လို့ မန်ယူနိုက်တက် ကစားသမားဟောင်းကြီး လူးဝစ် ဆာဟာက ဟောကိန်းထုတ်လိုက်ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အသင်းအတွင်း နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်ဖြစ်ခဲ့ရပြီး ကွန်တီကို ရာထူးက ထုတ်ပယ်ပြီးနောက်မှာ ကွန်တီ လက်ထောက်နည်းပြ စတယ်လီနီကို ယာယီ ခန့်အပ်ခဲ့သလို စတယ်လီနီလက်ထက် ရလဒ်ဆိုးလာလို့ နောက်ဆုံးမှာ ကစားသမားဟောင်း မေဆန်ကိုပဲ ယာယီနည်းပြ ထပ်ခန့်ခဲ့ရပါတယ်။

Photo Credit : Glasgow Times

ဒါပေမယ့် ဒီရာသီအစပိုင်းမှာ ဆဲလ်တစ်အသင်းနဲ့ အောင်မြင်မှုတွေ ရရှိနေတဲ့ သြစတြေးလျ လူမျိုး နည်းပြ ပိုစတီကိုဂလူးကို စပါးအသင်းက (၄)နှစ်စာချုပ်နဲ့အတူ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ လက်ရှိမှာတော့ စပါးနည်းပြကြီးက အသင်းအတွက် ဂျိမ်းစ် မက်ဒီဆင် ၊ ဗစ်တာရီယို ၊ ဆော်လမွန်တို့ကို ခေါ်ယူထားပြီး ပေါ်ရို နဲ့ ကူလူဆက်ဗ်စကီးတို့ကိုပါ အပြီးသတ် ခေါ်ယူခဲ့ပါသေးတယ်။

ဒီလို အားဖြည့်မှုတွေ ရှိနေပေမယ့် လိုအပ်နေတဲ့ ခံစစ်ပိုင်းအတွက် ဖြည့်တင်းမှု လုပ်ဆောင်ရခြင်း မရှိသေးသလို ဟယ်ရီကိန်းကလည်း အသင်းကနေ စွန့်ခွာဖို့ အရမ်း နီးစပ်နေပြီဖြစ်လို့ ပရီးမီးယားလိဂ်နဲ့ လုံးဝ အကျွမ်းတဝင် မရှိသေးတဲ့ နည်းပြ ပိုစတီကိုဂလူးအတွက် အခက်အခဲတွေ များစွာ ရှိလာနိုင်ပါတယ်။

Photo Credit : The Mirror

ဒီလို အခြေအနေတွေကြောင့် ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဆာဟာက နည်းပြ ပိုစတီကိုဂလူးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အစောဆုံး ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း​ ပြောဆိုသွားခဲ့ပါတယ်။ ဆာဟာ ခန့်မှန်းသလို စပါးနည်းပြ ပိုစတီကိုဂလူးက သူရဲ့ စပါးနည်းပြဘဝ အစ တာထွက်မှာပဲ တာထွက် ဆိုးနိုင်မလား ဒါမှမဟုတ် တာထွက် လှသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာ ကောင်းနေရပါတယ်။