အာဆင်နယ် မန်စီးတီးနဲ့ ပြင်သစ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဆဂ်ညာက ကီလီယန် အမ်ဘာပေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ၊ ကာရန် ဘန်ဇီမာနဲ့ ဒေးဗစ် ဘက်ခမ်းတို့လို ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်စူပါစတား တိုက်စစ်ကစားသမား ဘာပေဟာ ဒီနွေမှာ ပီအက်စ်ဂျီကနေ ရီးယဲလ် မက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ်တို့ တိုက်စစ်အစုအဖွဲ့ထဲကို ဘာပေလို ထိပ်တန်း ကစားသမားပါ ပေါင်းထပ်နိုင်ခဲ့လို့ ရီးယဲလ် တိုက်စစ်က ကြောက်စရာကောင်းလာတော့မယ်လို့ ယူဆခဲ့ကြပါသေးတယ်။

Photo Credit : talkSPORT

တကယ်တမ်းမှာတော့ ဘာပေဟာ သူအားသန်တဲ့ ဘယ်ခြမ်းမှာ မကစားရဘဲ အထောင်တိုက်စစ်မှာသာ ကစားရလို့ သိပ်ခြေစွမ်းမပြနိုင်သလို ဝေဖန် ပြစ်တင်မှုတွေနဲ့ပဲ ရင်ဆိုင်နေရပါတယ်။ ဘာပေက လက်ရှိမှာ ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၁၇)ပွဲအထိ ကစားထားချိန် သွင်းဂိုး (၉)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ကစားသမား ဘာပေဟာ ရီးယဲလ်အသင်း လိုအပ်နေတဲ့ တိုက်စစ်ကစားသမားမျိုး မဟုတ်ဘဲ ရီးယဲလ်က ဘာပေအစား အထောင်တိုက်စစ်မှူးတစ်ဦးကိုသာ ခေါ်ယူသင့်တယ်လို့ ပြောဆိုလာကြပေမယ့် ဆဂ်ညာကတော့ သူရဲ့ တစ်နိုင်ငံတည်းသား ဘာပေကို အားပေးစကား ပြောဆိုလိုက်ပါတယ်။ “ဘာပေရဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မှုက အောင်မြင်မယ်ဆိုတာ ကျွန်တော် သံသယ မရှိပါဘူး။”

Photo Credit : Goal

“လူတိုင်းက သူ့ကို ရီးယဲလ်ကို လာပြီး စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒို မက်ဒရစ်ဆီ ရောက်လာချိန်တုန်းကဆိုရင်လည်း သူရဲ့တာအထွက်က သိပ်မကောင်းခဲ့ဘူး။ ဘန်ဇီမာ ရီးယဲလ် မက်ဒရစ်ကို ရောက်တုန်းကလည်း သူ့ကို ခေါ်ယူလိုက်တာ မှားပြီလို့ အားလုံးက ထင်ခဲ့ကြသေးတာ။ ဒေးဗစ် ဘက်ခမ်းတုန်းကလည်း ရီးယဲလ်က ဂျင်းမိသွားပြီလို့ ပြောကြသေးတာ။”

“ရီးယဲလ်အသင်းမှာ တာထွက် သိပ်မကောင်းကြတာ ကီလီယန် တစ်ယောက်တည်း မဟုတ်ပါဘူး။ ရော်နယ်လ်ဒို ဘန်ဇီမာ ဘက်ခမ်းတို့လို ကစားသမားတွေတောင် ဖြစ်ကြသေးတာ။ နောက်ပြီး ဒီကစားသမားတွေက ကလပ်ရဲ့ legend တွေ ဖြစ်သွားကြတယ်။ ဘာပေလည်း ဒီကစားသမားတွေရဲ့ ခြေရာကို လိုက်နိုင်ပါလိမ့်မယ်။ ဇီဒန်းတောင် ဝေဖန်ခံရတာဆိုတော့လေ။ ဘာပေအတွက် အချိန်လိုပါတယ်။ သူက ဒီအသင်းမှာ အကြီးအကျယ်ကို အောင်မြင်ပါလိမ့်မယ်။” လို့ ဆဂ်ညာက မှတ်ချက်ပြုသွားခဲ့ပါတယ်။