ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဆက်ဂ်ညာကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်နည်းပြ အာတီတာဟာ ဘယ်တောင်ပံမှာ မာတီနယ်လီကိုသာ ဆက်လက် သုံးစွဲသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၂) မန်ချက်စတာ စီးတီးတို့က ယနေ့ည ၂နာရီ အချိန်မှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး အဆိုပါပွဲက ပရီးမီးယားလိဂ် ချန်ပီယံဆုကို အဆုံးအဖြတ် ပေးမယ့် ပွဲတပွဲလို့ ပြောရင်လည်း မမှားပါဘူး။

Photo Credit: Mirror

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က လက်ရှိမှာ ရမှတ် ၃မှတ်သာ ကွာဟပြီး အကယ်၍ မန်ချက်စတာ စီးတီးကသာ အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့ရင် မန်ချက်စတာ စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာဆီ တက်လှမ်းနိုင်မှာ ဖြစ်သလို အာဆင်နယ်က အနိုင်ရခဲ့ရင်တော့ မန်ချက်စတာ စီးတီးကို ရမှတ် ၆မှတ် အထိ ဖြတ်တောက်ကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်ခွင့် ရသွားမှာပါ။

ဒါကြောင့် ယနေ့ညမှာ ကစားရမယ့်ပွဲက နှစ်သင်းစလုံး အတွက် အရေးပါတဲ့ပွဲ ဖြစ်ပြီး နှစ်သင်းစလုံးက အကောင်းဆုံး လူစာရင်းတွေကို ထုတ်သုံးလာဖို့ ရှိနေကာ အာဆင်နယ်ရဲ့ အမာခံ ပရိသတ် တချို့ကတော့ မန်ချက်စတာ စီးတီးနဲ့ ပွဲမှာ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မာတီနယ်လီကို အရန်ခုံ ပို့ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ထရော့ဆက်ကို နေရာပေးဖို့ တိုက်တွန်းနေကြပါတယ်။

Photo Credit: Mirror

ဒါပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးရဲ့ နောက်ခံလူဟောင်း ဖြစ်တဲ့ ဆက်ဂ်ညာကတော့ အာတီတာဟာ ဘယ်တောင်ပံမှာ မာတီနယ်လီကိုသာ ဆက်လက် သုံးစွဲသင့်ကြောင်းနဲ့ မာတီနယ်လီရဲ့ အမြန်နှုန်းကြောင့် မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို အလွယ်တကူ ထိုးဖောက်လို့ ရနိုင်ကြောင်း ဆိုလာပါတယ်။

ဆက်ဂ်ညာက – “ကျွန်တော်ကတော့ မာတီနယ်လီကိုပဲ ပွဲထွက် လူစာရင်းမှာ ဆက်သုံးသင့်တယ်လို့ ထင်ပါတယ်။ သူ့ရဲ့ ဘောလုံးစွမ်းရည် ၊ အမြန်နှုန်းနဲ့ အဆုံးသတ်စွမ်းရည်က စောင့်ကြည့်ချင်စရာ ကောင်းတဲ့ အရာတွေပါ။ မာတီနယ်လီက မန်ချက်စတာ စီးတီးနဲ့ ပွဲမှာ အာဆင်နယ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ စီးတီးရဲ့ ခံစစ်မှူးတွေက မမြန်လို့ပါ။ အာဆင်နယ်က မာတီနယ်လီရဲ့ အမြန်နှုန်းကို အသုံးချသင့်ပြီး ထရော့ဆက်ကိုတော့ အရန်ခုံမှာပဲ ဆက်ထားသင့်ပါတယ်” လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မာတီနယ်လီက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ဂိုးဖန်တီးမှု ၁ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။