မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရာသီဝက် အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ သြစတြီးယား ကွင်းလယ်လူ မာဆယ် ဆာဘစ်ဇာက ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်ဟာ အရမ်းတော်တဲ့ နည်းပြတစ်ဦးလို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။
အသက် (၂၉)နှစ်အရွယ် သြစတြီးယား လက်ရွေးစင် ကွင်းလယ်ကစားသမား ဆာဘစ်ဇာဟာ မနှစ်က ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာ ဘိုင်ယန်ကနေ ယူနိုက်တက်ဆီ (၆)လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
Photo Credit : Sportskeeda
ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲ ပါဝင်ကစားခဲ့ပြီး (၃)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆာဘစ်ဇာဟာ ယူနိုက်တက်နဲ့ အငှားသက်တမ်း ပြည့်ချိန်မှာ အပြီးသတ် ပြောင်းရွှေ့ခွင့် မရရှိခဲ့ပဲ ဘိုင်ယန်ရဲ့ ပြိုင်ဘက် ဒေါ့မွန်ဆီကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ယူနိုက်တက်မှာ ခဏတာ လက်တွဲဖြစ်ခဲ့တဲ့ နည်းပြ တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ဆာဘစ်ဇာက “သူက ဘောလုံး နဲ့ နည်းဗျူဟာ အကြောင်းတွေကို အရမ်း ကျွမ်းကျင်ပြီး အလုပ် ကြိုးစားလွန်းသူ ပရော်ဖက်ရှင်နယ် ပီသသူလည်း ဖြစ်ပါတယ်။ ပြီးတော့ ကစားသမားတွေနဲ့ ဆက်ဆံရာမှာလည်း ပွင့်လင်းလွန်းတယ်။”
Photo Credit : Football365
“ကျွန်တော် ကစားပုံ ဆိုးရွှားခဲ့ရင် ကျွန်တော် ဘာတွေ မှားခဲ့သလဲဆိုတာကို သူက ထောက်ပြပြီး နောက်ပွဲတွေမှာ ပိုကောင်းလာအောင် ဘယ်လို ကစားရမလဲဆိုတာ ရှင်းပြပေးတယ်။ အဲ့ဒါကို ကျွန်တော် သဘောကျတယ်။”
“ပြီးတော့ သူက ကစားသမားတစ်ယောက်ကို ပြစ်တင်တာ ချောင်ထိုးတာတွေ ဘယ်တော့မှ မလုပ်တက်ပါဘူး။ အဲ့ဒီအစား ကစားသမားတွေရဲ့ လိုအပ်ချက်ကို ထောက်ပြပေးတယ်။ ပိုကောင်းလာအောင် ကြိုးစားဖို့ပဲ ပြောဆိုပါတယ်။ သူ့လက်အောက်မှာ ကစားရချိန်မှာ သူ့ဆီကနေ ပညာတွေ အများကြီး သင်ယူနိုင်ခဲ့ရပါတယ်။ သူက အရမ်းတော်တဲ့ နည်းပြတစ်ယောက်ပါ။” လို့ ပြောဆိုခဲ့ပါတယ်။