ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ရာသီဝက်အငှားနဲ့ လာရောက် ကစားနေတဲ့ ဆာဘစ်ဇာက နိုင်ငံအသင်း ဖြစ်တဲ့ ဩစတီးယားနဲ့ လေ့ကျင့်ရေး ဆင်းနေရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဩစတီးယား အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဘစ်ဇာက ဘိုင်ယန်မြူးနစ်မှာ နေရာရဖို့ ရုန်းကန်ခဲ့ရတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာရာ ပုံမှန် ကစားခွင့်တွေ ရနေတာကြောင့် ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနေသူပါ။

Photo Credit: Goal

ဆာဘစ်ဇာက နောက်ဆုံး ကစားခဲ့တဲ့ ဩစတီးယား ၄-၁ အဇာဘိုင်ဂျန် ပွဲစဉ်မှာလည်း အသင်းကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့သလို သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဩစတီးယား ပရိသတ်တွေက ဆာဘစ်ဇာကို အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် ချီးကျူးနေကြပေမယ့် ကံမကောင်းစွာနဲပဲ ဆာဘစ်ဇာဟာ ဩစတီးယားနဲ့ အက်စ်တိုးနီးယား ပွဲစဉ်အတွက် လေ့ကျင့်ရေးဆင်းရာ ကနေ ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Goal

ဩစတီးယားရဲ့ နည်းပြချုပ် ရန်းနစ်က ဆာဘစ်ဇာ တယောက် ဒူးဒဏ်ရာ ရရှိသွားတဲ့ အကြောင်းကို အခုလိုပဲ ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ ရန်းနစ်က – “ဒီနေ့ပွဲ အတွက် နောက်ဆုံး လုပ်ဆောင်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဆာဘစ်ဇာနဲ့ ဂါနော့တို့ နှစ်ယောက်စလုံး ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးက နာကျင်မှုတွေကို ခံစားခဲ့ရပါတယ်။ ဆာဘစ်ဇာက ပြီးခဲ့တဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ ကျွန်တော်တို့က ဒီနေ့ပွဲမှာ သူ့ကို ထည့်ကစားခွင့် ရဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် သူက ကံမကောင်းစွာနဲ့ ဒဏ်ရာရခဲ့ပါတယ်။ ကံကောင်းတာ တခုက ဒဏ်ရာကသာ အရမ်းကြီး မနာကျင်ရင် ဆာဘစ်ဇာဟာ ဒီနေ့ပွဲမှာ ဝင်ကစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါကလည်း သူ့အပေါ်ပဲ မူတည်ပါတယ်။ သူက ကစားချင်တယ် ဆိုမှ ကျွန်တော်တို့က သူ့ကို သုံးမှာပါ။ ကျွန်တော်ကတော့ ဆာဘစ်ဇာ တယောက် ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။