နယ်သာလန် ကစားသမားဟောင်းကြီး တစ်ဦးဖြစ်သူ ရုဒ်ဗန် နစ္စတဲလ်ရွိုင်းက ကစားသမားဘဝမှာ ကျင်လည်ခဲ့စဉ်အတွင်း ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီး ဟမ်းဘတ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဟာ မှားယွင်းမိခဲ့တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SportsJOE

PSV မန်ချက်စတာယူနိုက်တက်နဲ့ ရီးယဲလ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ နယ်သာလန် တိုက်စစ်ကစားသမားဟောင်းကြီး နစ္စတဲလ်ရွိုင်းဟာ ၂၀၀၁ခုနှစ်ကနေ ၂၀၀၆ခုနှစ်အထိ မန်ယူနိုက်တက်မှာ ပါဝင်ကစားခဲ့ပြီးနောက် ၂၀၀၆ နွေရာသီမှာပဲ ရီးယဲလ်အသင်းဆီကို ယူရို(၁၄)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ သူရဲ့လာလီဂါ ကစားသမားဘဝ ပထမဆုံးရာသီက တာထွက်လှခဲ့ပြီး လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ လာလီဂါဖလားတို့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒုတိယရာသီရဲ့ ဒုတိယ ရာသီဝက်လောက်မှာ ခြေချင်းဝတ် ဒဏ်ရာနဲ့ တတိယရာသီရဲ့ ရာသီအစပိုင်းမှာ ဒူးဒဏ်ရာတွေ ရရှိလာခဲ့တဲ့ နစ္စတဲလ်ရွိုင်းက ကစားခွင့်တွေ နည်းပါးလာခဲ့ရပြီး ခြေစွမ်းပိုင်းတွေပါ ကျဆင်းသွားခဲ့ရပါတယ်။ ၂၀၀၉ခုနှစ်မှာတော့ နစ္စတဲလ်ရွိုင်းဟာ ရီးယဲလ်က ထွက်ခွာပြီး ဟမ်းဘတ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး နစ္စတဲလ်ရွိုင်းက “ပယ်လီဂရီနီက ကျွန်တော်တို့အသင်းကို နည်းပြခဲ့စဉ်တုန်းက ဘန်ဇီမာ ကာကာနဲ့ ရော်နယ်လ်ဒိုတို့ကို ခေါ်ယူခဲ့တယ်။ ကျွန်တော့်အတွက် နေရာပျောက်ဖို့ကလည်း သေချာသလောက် ဖြစ်သွားရတယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ကျွန်တော့်အသက်က (၃၃)နှစ်တောင် ရှိနေလို့ပါပဲ။ ဒါပေမယ့် ကျွန်တော် ၂၀၁၀မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင်ကစားချင်နေတာကြောင့် ဟမ်းဘတ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို အတော်လေး အလျင်စလို ဆုံးဖြတ်မိခဲ့တယ်။ ပြန်တွေးကြည့်မယ်ဆိုရင် ကျွန်တော် ရီးယဲလ်ကနေ မထွက်ခွာခဲ့သင့်ပါဘူး။ ဒါက ကျွန်တော့် ကစားသမားဘဝရဲ့ အကြီးမားဆုံးသော အမှားကြီးတစ်ခု ဖြစ်သွားခဲ့ရတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Times

ရီးယဲလ်ကနေ ထွက်ခွာပြီးနောက် ဟမ်းဘတ်နဲ့ မာလာဂါအသင်းတွေမှာ ဆက်ကစားဖြစ်ခဲ့တဲ့ နစ္စတဲလ်ရွိုင်းဟာ အသက်(၃၅)နှစ်အရွယ် ၂၀၁၂ခုနှစ်ထဲမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ နစ္စတဲလ်ရွိုင်းက PSV အသင်းရဲ့ နည်းပြတစ်ဦးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိနေပါတယ်။