ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါကို ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ မက်မောလောက်စရာ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းလာပေမယ့် ရူဒီဂါဘက်ကတော့ ဒါကို စိတ်ဝင်စားခြင်း မရှိပဲ ရီးယဲလ်မှာသာ ဆက်လက် ရှိနေသွားမယ်လို့ သိရှိရပါတယ်။

အသက် (၃၁)နှစ်အရွယ် ဂျာမနီ လက်ရွေးစင် ခံစစ်ကစားသမား ရူဒီဂါဟာ ၂၀၂၂ခုနှစ်ကတည်းက ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ရူဒီဂါက ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၁၀၁)ပွဲအထိ ပါဝင်ကစားထားသလို ရီးယဲလ်နဲ့လည်း ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား ကိုပါဒယ်ရေးဖလား စပိန်စူပါဖလား အကုန်လုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Marca

နာချို ဖာနန်ဒက်ဇ် မရှိတော့တဲ့အချိန်မှာ ရီးယဲလ်ခံစစ်ကို ပိုမို ဦးဆောင်သွားရတော့မယ့် ရူဒီဂါကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းကနေ ငြင်းဆန်ရ ခက်စေနိုင်မယ့် ကမ်းလှမ်းမှုမျိုး လုပ်ဆောင်လာခဲ့ပြီး ရူဒီဂါကတော့ ဆော်ဒီကို သွားဖို့ စိတ်ပါဝင်စားခြင်း မရှိပဲ ရီးယဲလ်မှာ ဆက်နေဖို့ကို ဆုံးဖြတ်ခဲ့ပါတယ်။

အယ်လ်အစ်တီဟတ်ကလည်း ဘန်ဇီမာ ကန်တေ ဖာဘင်ဟို ဖီးလစ်ပီတို့လို ထိပ်တန်း ကစားသမားတွေကို မနှစ်ကတည်းက ခေါ်ယူထားခဲ့တာ ဖြစ်ပြီးတော့ ဒီနွေမှာလည်း အက်စတွန် ဗီလာက တောင်ပံကစားသမား မူဆာ ဒီယာဘီကို ယူရို သန်း(၆၀)နဲ့ ခေါ်ယူထားသလို မန်စီးတီး ဂိုးသမား အီဒါဆင်ကိုပါ အရ ခေါ်ယူချင်နေပါတယ်။

Photo Credit : Transfermarket

 

ဒါ့အပြင် ခံစစ်ပိုင်းအတွက် အားထားရနိုင်မယ့် ရူဒီဂါကိုပါ ထပ်မံ အလိုရှိနေပြန်ပြီး မက်မောလောက်စရာ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းလာခဲ့ပေမယ့် ရူဒီဂါကတော့ ဒီကမ်းလှမ်းမှုအပေါ် စဉ်းစားခြင်းတောင် မရှိခဲ့ပဲ ချက်ချင်း ပယ်ချခဲ့ပြီး လာမယ့် ဘောလုံးရာသီမှာ ရီးယဲလ်နဲ့ပဲ ဆက်လက် ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ချက်ချသွားခဲ့ပါတယ်။

ရီးယဲလ်ကလည်း နာချို အသင်းကနေ ထွက်ခွာသွားချိန် ဒေးဗစ် အလာဘာပါ ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူနေရတာကြောင့် အသင်းကနေ ရူဒီဂါလို အားထားရတဲ့ ဗဟိုခံစစ်ကစားသမားကို လုံးဝ လက်လွတ်ခံမှာ မဟုတ်တဲ့အပြင် ဗဟိုခံစစ်နေရာအတွက်ပါ ကစားသမားသစ်တစ်ဦး မဖြစ်မနေ ဖြည့်တင်းသွားဖို့လည်း ရှိနေပြန်ပါတယ်။