ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား အန်တိုနီယို ရူဒီဂါဟာ ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒေါသကို မထိန်းချုပ်နိုင်ဘဲ ကွင်းလယ်ဒိုင်လူကြီးဆီကို ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခဲ့ပုံရတဲ့အတွက် ပွဲပယ်ပြစ်ဒဏ် အများအပြားနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဒီဖြစ်ရပ်က ရီးရဲလ်အသင်း ဘာစီလိုနာကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်လ်ရေး ဖိုင်နယ် ပွဲပြီးဆုံးခါနီး အချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကီလီယန် အမ်ဘာပေက တိုက်စစ်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာ ဒိုင်လူကြီးက ဘာစီလိုနာဘက်ကို မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တဲ့အတွက် ဒီဆုံးဖြတ်ချက်အပေါ် ရူဒီဂါနဲ့ ရီးရဲလ်အသင်းဖော်တွေ အလွန်အမင်း ဒေါသထွက်ခဲ့ကြပါတယ်။

Photo Credit : Sportskeeda

ရူဒီဂါဟာ ဒေါသအရမ်းထွက်သွားပြီး ကွင်းဘေးစည်းကနေ ဒိုင်လူကြီးဆီကို ရေခဲလို့ ယူဆရတဲ့ ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက်ခဲ့ပုံ ရပါတယ်။ ဒီဖြစ်ရပ်နဲ့ အဆိုပါ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဖို့ ကြိုးစားခဲ့တဲ့ အသင်းဖော်တွေဖြစ်တဲ့ လူးကပ်စ် ဗက်ဇ်ကွက်ဇ် နဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့ပါ အနီကတ်ပြ သတိပေးခြင်း ခံခဲ့ရပါတယ်။ အနီကတ်ပြခံရပြီးနောက်မှာ ရူဒီဂါဟာ ဒိုင်လူကြီးဆီ သွားရောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အသင်းဖော်တွေက သူ့ကို ဝိုင်းဝန်းထိန်းသိမ်းခဲ့ရပါတယ်။ နည်းပြ ကားလို့ အန်ဆယ်လော့တီရဲ့ အဆိုအရ ရူဒီဂါဟာ အဲ့ဒီအချိန်မှာ “ပင်ပန်းနွမ်းနယ်မှုကြောင့်” လူစားလဲခံထားရပြီး အရန်ခုံမှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။

စပိန်ရေဒီယို Cadena SER ရဲ့ ဖော်ပြချက်အရ ရူဒီဂါဟာ ဒီအပြုအမူအတွက် (၄)ပွဲကနေ (၁၂)ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ကျခံရနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ ရာသီကုန်အထိ ပွဲပယ်ခံရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ နောက်ထပ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ ရူဒီဂါဟာ ရေခဲအိတ်တွေ ထပ်မံ ပစ်ပေါက်ဖို့ ကြိုးစားခဲ့ပေမယ့် အသင်းဖော်တွေက တားဆီးခဲ့ရတာကို တွေ့ရပါတယ်။

Photo Credit : Metro

Metro သတင်းဌာနက ဖော်ပြခဲ့တဲ့ ဒိုင်လူကြီးရဲ့ ပွဲမှတ်တမ်းမှာတော့ ခုလို ရေးသားထားပါတယ်။ “ပွဲကစားချိန် မိနစ်(၁၂၀)မှာ ကစားသမား (၂၂) အန်တိုနီယို ရူဒီဂါကို နည်းစနစ်ဧရိယာကနေ ပစ္စည်းတစ်ခု ပစ်ပေါက်မှု (ကျွန်တော့်ကို မထိခဲ့ပါ) ကြောင့် ထုတ်ပယ်ခဲ့ပါတယ်။ အနီကတ် ပြသခံရပြီးနောက် သူဟာ နည်းပြအဖွဲ့ဝင် အများအပြားရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရပြီး ရန်လိုတဲ့ အပြုအမူ ပြသခဲ့ပါတယ်။” “မိနစ် ၁၂၀ မှာ ကစားသမား (၁၇) ဗက်ဇ်ကွက်ဇ် အီဂလီးဆီးယက်စ် လူးကပ်စ်ကို ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကန့်ကွက်ပြီး ကစားကွင်းထဲ မီတာအတော်များများ ဝင်ရောက်ကာ သဘောမတူတဲ့ အမူအရာတွေ ပြုလုပ်ခဲ့လို့ ထုတ်ပယ်ခဲ့ပါတယ်။” “ပွဲပြီးဆုံးချိန်မှာ ကစားသမား (၅) ဘယ်လင်ဂမ်၊ ဂျုဒ် ဗစ်တာ ဝီလျံကို ပွဲအပြီး ကျွန်တော်တို့ ရှိရာကို ရန်လိုတဲ့ အပြုအမူနဲ့ ချဉ်းကပ်လာခဲ့ပြီး သူ့အသင်းဖော်တွေရဲ့ ထိန်းသိမ်းမှုကို ခံခဲ့ရတာကြောင့် ထုတ်ပယ်ခဲ့ပါတယ်။”

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဆယ်လ်တာဗီဂိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မေလ (၁၁)ရက်နေ့မှာတော့ လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့ ထပ်မံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရူဒီဂါရဲ့ ပွဲပယ်ပြစ်ဒဏ် အတိအကျကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။