မန်ယူနည်းပြ ရူဘင် အမော်ရင်ကတော့ သူ့အနေနဲ့ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေမှာဖြစ်ကြောင်း ကစားသမားတွေကို အသိပေးလိုက်ပြီး လူငယ်တောင်ပံကစားသမား အလက်ဟန်ဒရို ဂါနာချိုကိုတော့ အသင်းသစ်ရှာဖွေဖို့ ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အမော်ရင်ဟာ သူ့ရဲ့ကစားသမားတွေကို လာမယ့်ရာသီ မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ရှိနေမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပတ်အစောပိုင်းက ပေါ်တူဂီနည်းပြ အမော်ရင်ဟာ တကယ်လို့ အသင်းဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက သူ့အနေနဲ့ အသင်းကို ရှေ့ဆက်တိုးတက်အောင် မလုပ်ဆောင်နိုင်ဘူးလို့ ယူဆရင် လျော်ကြေးတစ်စုံတစ်ရာမယူဘဲ အသင်းကနေ ထွက်ခွာပေးဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။
Photo Credit : Goal
မန်ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အမော်ရင်ဟာ ဂါနာချိုကို အသင်းသစ်ရှာဖို့ ပြောခဲ့တယ်လို့လည်း သိရပါတယ်။ အာဂျင်တီးနား တောင်ပံကစားသမားဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ပါဝင်ကစားခွင့် အကန့်အသတ်နဲ့သာ ရရှိခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂါနာချိုရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေဟာ လွန်ခဲ့တဲ့ (၆)လလောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပါ။
ဇန်နဝါရီလက သတင်းတွေအရ ဂါနာချိုနဲ့ မိန်းနူးတို့ကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ ဖြေရှင်းနိုင်ဖို့အတွက် အသင်းကနေ ရောင်းထုတ်သွားနိုင်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။ အမော်ရင်နဲ့ ဂါနာချိုတို့ရဲ့ ဆက်ဆံရေးဟာ တစ်ခါတစ်ရံမှာ တင်းမာမှုတွေ ရှိခဲ့ပုံရပြီး ဖေဖော်ဝါရီလက အစ်ဆဝစ်ချ်တောင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားလဲခံခဲ့ရချိန်က သူ့ရဲ့အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး အသက်(၂၁)နှစ်အရွယ် ကစားသမားဟာ ပြင်းပြင်းထန်ထန် သတိပေးခံခဲ့ရဖူးပါတယ်။
Photo Credit : BBC Sport
ဂါနာချိုဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီကို ၂၀၂၀ အောက်တိုဘာလမှာ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ပွဲပေါင်း(၁၄၄)ပွဲ ပါဝင်ကစားပေးခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သူဟာ သွင်းဂိုး(၂၆)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂၂)ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ အီတလီချန်ပီယံဆုကို လတ်လတ်ဆတ်ဆတ် ရရှိထားတဲ့ နာပိုလီအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့ကာလတုန်းက ဂါနာချိုအတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အခုထိလည်း ဂါနာချိုကို စိတ်ဝင်စားနေဆဲလို့ ယူဆရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ တခြား ပရီးမီးယားလိဂ်ကလပ်အချို့ကလည်း ဒီတောင်ပံကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
တကယ်လို့ ဒီနေ့မှာ အက်စတွန် ဗီလာနဲ့ ကစားမယ့် ရာသီပိတ်ပွဲစဉ်အတွက် ယူနိုက်တက်ရဲ့ လူစာရင်းမှာ ဂါနာချို ပါဝင်လာခြင်းမရှိခဲ့ဘူးဆိုရင်တော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေဟာ ပိုပြီး ခိုင်မာလာနိုင်ပါတယ်။ ဂါနာချိုသာ အဲ့ဒီပွဲမှာ ချန်လှပ်ခံခဲ့ရမယ်ဆိုရင်တော့ သူ့ရဲ့အနာဂတ်ဟာ မန်ချက်စတာမြို့ပြင်ပမှာ ရှိနေပြီ ဆိုတာကို အတည်ပြုလိုက်သလို ဖြစ်သွားနိုင်ပါတယ်။