မန်ချက်စတာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က မနေ့ညမှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သူ့ရဲ့နည်းပြရာထူးနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ သူက သူ့အသင်းဟာ ဘရန့်ဖို့ဒ်ရဲ့ကစားကွက်ထဲကိုသာ ကစားခဲ့မိကြောင်းနဲ့ ပွဲရဲ့အဆုံးအဖြတ်အခိုက်အတန့်တွေမှာ အရေးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

BBC ရဲ့ Match of the Day အစီအစဉ်နဲ့ တွေ့ဆုံရာမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်နည်းပြက အခုလို သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော်တို့ ပွဲတစ်ပွဲလုံး ဘရန့်ဖို့ဒ်ရဲ့ ကစားပွဲထဲကိုပဲ ကစားခဲ့မိတယ်။ ဒီလိုပွဲမျိုးကို မြင်ရတဲ့အခါ ဘယ်လိုဖော်ပြရမလဲတောင် ခက်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ရဲ့ကစားပုံပေါ်မှာ ဘယ်တော့မှ အထိုင်မကျခဲ့ပါဘူး။”

Photo Credit : The Times

“သူတို့က long ball တွေသုံးပြီး တန်ပြန်တိုက်စစ်ဆင်မယ်ဆိုတာ ကျွန်တော်တို့သိတယ်။ တစ်ပတ်လုံးလည်း အဲ့ဒါကို လေ့ကျင့်ခဲ့ပါတယ်။ ဒုတိယဂိုးကလည်း အဲ့ဒီပုံစံအတိုင်းပဲ။ ကျွန်တော်တို့ တစ်ဂိုးပြန်သွင်းနိုင်ခဲ့တယ်၊ ပြီးတော့ ပင်နယ်တီလွဲသွားတယ်။ ဒီလိုအဆုံးအဖြတ်အခိုက်အတန့်တွေက ပွဲကိုပြောင်းလဲသွားစေနိုင်ပါတယ်”

ပွဲနိုင်ဖို့ ထိုက်တန်မှုရှိမရှိ မေးမြန်းရာမှာတော့ “ကျွန်တော်တို့ ထိုက်တန်လား၊ မထိုက်တန်ဘူးလား ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့ ပွဲထဲမှာ ဘယ်တော့မှ အထိုင်မကျခဲ့ဘူး။ ပင်နယ်တီကိုတော့ ဂိုးဝင်အောင် သွင်းခဲ့သင့်ပါတယ်” လို့ အာမိုရင်က ဆိုပါတယ်။ တိုက်စစ်မှူးသစ် ဘင်ဂျမင် ဆက်ရှ်ကိုရဲ့ ပထမဆုံးဂိုးနဲ့ပတ်သက်လို့တော့ “အရေးကြီးတာက အသင်းနိုင်ပွဲရဖို့ပါ၊ တစ်ဦးချင်းအောင်မြင်မှုမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးချင်းစီအနေနဲ့ ပွဲတွေနိုင်ဖို့ ပိုကောင်းအောင် ကစားဖို့တော့ လိုအပ်ပါတယ်။” လို့ သူက ပြောကြားခဲ့ပါတယ်။

Photo Credit : Irish Examier

သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိမရှိ မေးမြန်းရာမှာတော့ အာမိုရင်က “ကျွန်တော်က ဒီအလုပ်နဲ့ပတ်သက်ပြီး အမြဲတမ်း အဆင်ပြေပါတယ်။ ကျွန်တော် စိုးရိမ်မနေပါဘူး။ ဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ ကျွန်တော်ဒီမှာရှိနေတဲ့ မိနစ်တိုင်းမှာ အကောင်းဆုံးကြိုးစားသွားမှာပါပဲ။ ကျွန်တော့်အလုပ်အတွက် ဘယ်တော့မှ စိုးရိမ်မနေဘူး၊ ကျွန်တော်က အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူး။” လို့ ပြတ်ပြတ်သားသား တုံ့ပြန်သွားခဲ့ပါတယ်။

ဒီရှုံးပွဲကြောင့် ယူနိုက်တက်အသင်းဟာ အဝေးကွင်း (၈)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး ရာသီအဖွင့် လိဂ်ပွဲစဉ် (၆)ပွဲမှာ (၂)ပွဲသာ အနိုင်ရရှိထားပါသေးတယ်။ အာမိုရင်က သူ့အပေါ်မှာ ဖိအားတွေ ပိုများလာတော့မှာဖြစ်ကြောင်းကိုလည်း “ဒီကလပ်မှာ ရှုံးနိမ့်ရတာက အမြဲတမ်း အတူတူပါပဲ။ အရမ်းကို နာကျင်ရပါတယ်။ ကျွန်တော်တို့ နောက်ပွဲအတွက်ပဲ ပြန်စဉ်းစားရတော့မှာပါ။” လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။