ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရိုင်ကိန်းကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ဂိုးမပေးရဖို့ အတွက် ပြိုင်ဘက်ရဲ့ ခြေထောက်ထဲ ခေါင်းထိုးခံကာ ဘောလုံးကို ဖျက်ထုတ်ခဲ့တဲ့ ယူနိုက်တက် ဗဟိုခံစစ်မှူး မာတီနက်ဇ်ကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် နော်တင်ဟမ် ဖောရက်စ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ စီးတီးဂရောင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Stretty News

အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ကစားသမား အင်အားပိုင်းအရ သိသိသာသာ သာလွန်နေတာကြောင့် ပွဲကို ပိုမို ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် နော်တင်ဟမ် ဖောရက်စ်ကလည်း အိမ်ကွင်း ပရိသတ်အားကို အသုံးပြုကာ တန်ပြန်တိုက်စစ်တွေနဲ့ ယူနိုက်တက်ကို ထိုးနှက်ဖို့ ကြိုးစားခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ဟာ ချေပဂိုးတွေ ပြန်လည် ရရှိဖို့ အတော်လေးကို နီးစပ်ခဲ့ပါတယ်။

အထူးသဖြင့် ပွဲချိန် ၂၅မိနစ်မှာ နော်တင်ဟမ် ဖောရက်စ်ရဲ့ အဓိက တိုက်စစ်ကစားသမား ဂစ်ဘ်ဝှိုက်က ယူနိုက်တက်ရဲ့ ဂိုးဧရိယာထဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ရရှိခဲ့ပြီး ဂစ်ဘ်ဝှိုက်က ဘောလုံးကို ကန်သွင်းတော့မယ့် အချိန်မှာပဲ မာတီနက်ဇ်က ခေါင်းနဲ့ ဘောလုံးကို တိုက်ကာ အနာခံ ဖျက်ထုတ်ခဲ့တာကြောင့် ယူနိုက်တက်တို့အနေနဲ့ သက်သာရာ ရခဲ့တာပါ။

Photo Credit: United Faithful

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်း ရိုင်ကိန်းက မာတီနက်ဇ်ရဲ့ အသင်းအတွက် ပေးဆပ်လိုစိတ် အပြည့်နဲ့ ကစားမှုကို ချီးကျူးခဲ့တာ ဖြစ်ပြီး မာတီနက်ဇ်ကလည်း သူ့ရဲ့ အနစ်နာခံ ဖျက်ထုတ်မှုနဲ့ ခြေစွမ်းကောင်းတွေကြောင့် နော်တင်ဟမ် ဖောရက်စ် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရခဲ့ပါတယ်။

ရိုင်ကိန်းက – “မာတီနက်ဇ်က ဂစ်ဘ်ဝှိုက်ကို ဂိုးပေါက် ကန်သွင်းခွင့် ပေးလိုက်လို့ ရပေမယ့် ခံစစ်မှူး တဦးရဲ့ ဂုဏ်သိက္ခာ အတွက် ဘောလုံးကို ရအောင် ဖျက်ခဲ့ပါတယ်။ ဒီအပြုအမူမှာ ဆိုရင် (ဘောလုံးကို ခေါင်းထိုးခံ ဖျက်ထုတ်ခဲ့မှု) ခင်ဗျားတို့က မာတီနက်ဇ်ရဲ့ စိတ်ဓာတ်ပိုင်း မာကျောမှုနဲ့ ပြင်းပျတဲ့ စိတ်ဓာတ်ကို ကောင်းကောင်းကြီး မြင်ခဲ့ရမှာပါ။ သူက အသင်းအတွက် ကာကွယ်ပေးချင်စိတ် အပြည့် ရှိပါတယ်။ သူက ခင်ဗျားတို့တွေ ရဲဘော်ရဲဘက်အနေနဲ့ လိုချင်တဲ့ ကစားသမားမျိုးပါ” လို့ အနစ်နာခံ ဖျက်ထုတ်ခဲ့တဲ့ မာတီနက်ဇ်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။