ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ရိုင်ကိန်းကတော့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ မန်ချက်စတာ စီးတီးက အသာစီး ရကာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ယှဉ်ပြိုင်နေရပြီး လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ၁ပွဲပို ကစားထားပြီး ရမှတ် ၆မှတ် အသာရနေပါတယ်။

Photo Credit: The Telegraph

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်းအနက် ဘယ်အသင်းက ချန်ပီယံဆုကို ရသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်နေပြီး တချို့က ရမှတ်သာနေတဲ့ အာဆင်နယ်ဟာ ချန်ပီယံဆုကို ရသွားလိမ့်မယ်လို့ သုံးသပ်နေကြသလို တချို့ကလည်း အတွေ့အကြုံ သာတဲ့ မန်ချက်စတာ စီးတီးက အာဆင်နယ်ကို ပြန်ကျော်နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ရိုင်ကိန်းကတော့ မန်ချက်စတာ စီးတီးဟာ ချန်ပီယံ ဖြစ်မယ် ဆိုတာကို ယုံကြည်နေတဲ့ လူတွေထဲက တဦး ဖြစ်ပြီး ရိုင်ကိန်းက သူဟာ အာဆင်နယ်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်ကို အတော်လေး သဘောကျပေမယ့် မန်ချက်စတာ စီးတီးကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရသွားလိမ့်မယ်လို့ အတပ် ပြောလာခဲ့ပါတယ်။

Photo Credit: The Sun

ရိုင်ကိန်းက – “အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အတော်လေးကို အားသာတဲ့ နေရာဆီ ရောက်နေတာပါ။ ရာသီအစတုန်းက သူတို့တွေ ဒီနေရာ အထိ ရောက်လာမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်က ဒီရာသီမှာ အတော်လေး ကောင်းနေပါတယ်။ သူတို့ရဲ့ လူငယ်ကြယ်ပွင့်တွေက ခြေစွမ်း တည်ငြိမ်ကြသလို သူတို့အသင်းက လိဂ်ချန်ပီယံဆု အတွက် အာရုံစိုက်ထားကြပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်းပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့တွေ ချန်ပီယံ ဖြစ်မယ်လို့ မထင်ပါဘူး။ ကျွန်တော်က မန်ချက်စတာ စီးတီးကပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ချန်ပီယံဆု အတွက် ပိုအားသာတဲ့ နေရာမှာ ရောက်နေတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က မန်ချက်စတာ စီးတီးကို ရမှတ် ၆မှတ် ဖြတ်ထားနိုင်ပေမယ့် မန်ချက်စတာ စီးတီးမှာ ပွဲကျန် တပွဲ ကစားခွင့် ကျန်နေသေးသလို သူတို့နှစ်သင်း ထိပ်တိုက် ကစားရမယ့် ပွဲစဉ်လည်း ရှိနေသေးတာကြောင့် မန်ချက်စတာ စီးတီးမှာလည်း ချန်ပီယံ ဖြစ်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။