အင်္ဂလန် လက်ရွေးစင် အသင်းနည်းပြ ဂါရတ် ဆောက်ဂိတ်က မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်တစ်ဦး ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်တို့ကနေ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့ဟာ ယူနိုက်တက်အသင်းကို (၂၅)% ဝယ်ယူခဲ့ပြီးနောက် လက်ရှိအသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေဟာလည်း အရမ်းစိတ်မချရတော့ပဲ ဆာဂျင်က တန်ဟက်ဂ်နေရာအတွက် တခြားနည်းပြတစ်ဦးဦးနဲ့ အစားထိုးသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဆာဂျင် အလိုအရှိဆုံး နည်းပြထဲမှာ လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်လည်း ပါဝင်လို့နေပြီး နယူးကာဆယ်ရဲ့ အားကစား ဒါရိုက်တာ ဒန် အက်ဝက်ရှ့်ကို ခန့်အပ်ပြီးပြီဆိုရင် အက်ဝက်ရှ့်နဲ့ လက်တွဲခဲ့ဖူးတဲ့ ဆောက်ဂိတ်ကိုပါ ယူနိုက်တက် နည်းပြရာထူးအတွက် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ရွိုင်ကိန်းက “ဆောက်ဂိတ်က ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ်ဆိုတာကို ကျွန်တော် မြင်တွေ့လာရနိုင်ပါတယ်။ သူက ယူရိုမှာ အင်္ဂလန်အတွက် တစ်ခုခု လုပ်ပြနိုင်ခဲ့မယ်ဆိုရင် အင်္ဂလန်နဲ့ပဲ ဆက်ပြီး စခန်းသွားပြီးတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူးဆိုရင် သူနဲ့ အင်္ဂလန်တို့ အဆုံးသတ်ကြလိမ့်မယ်ဆိုပြီး လူတိုင်းက တွေးထင်ကြမှာ အသိအသာပါပဲ။”

Photo Credit : TEAMtalk

“နောက်ပြီးတော့ သူက သူနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ ဒန် အက်ဝက်ရှ့်နဲ့လည်း အဆက်အသွယ်တွေ ရှိနေတာဆိုတော့ သူ ယူနိုက်တက်နည်းပြ ဖြစ်လာခဲ့မယ် ဆိုရင်တောင် ကျွန်တော်ကတော့ အံ့သြနေမှာ မဟုတ်ဘူး။” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် နဗီးလ်ကလည်း “ကျွန်တော် ဂါရတ် ဆောက်ဂိတ်ကို မန်ယူနိုက်တက် နည်းပြအဖြစ်နဲ့ ဘယ်တုန်းကမှ မမြင်ကြည်ခဲ့ဖူးဘူး။ အခုတော့ ဒန် အက်ဝက်ရှ့်လည်း ရောက်လာတော့မှာမို့ မြင်ကြည့်လို့ ရနိုင်ပြီ။ နောက်ပြီး အဲရစ် တန်ဟက်ဂ်အနေနဲ့လည်း ဘာတွေ လုပ်ပြမှ ဒီအသင်းမှာ ဆက်ရှိနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ။ အက်ဖ်အေဖလားလား။ ချန်ပီယံလိဂ်ဝင်ခွင့်လား။” လို့ ပြောဆိုသွားခဲ့ပါတယ်။