စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ နွေဈေးကွက် နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရိုကွေးကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာက တိုက်စစ်ပိုင်းမှာ လီဝန်ဒေါစကီး ၊ အန်ဆု ဖာတီ ၊ ဖာရန်း တောရက်စ် ၊ ဒမ်ဘီလီ ၊ ရာဖင်ဟာ စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ အန်ဆု ဖာတီနဲ့ ဖာရန်း တောရက်စ်တို့ကို ရောင်းထုတ်ဖို့ စီစဉ်ထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘာစီလိုနာက တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် ကစားသမား တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဗစ်တာ ရိုကွေးကို ခေါ်ဖို့ မျက်စိကျနေတာပဲ ဖြစ်ပါတယ်။

အသက် ၁၈နှစ် အရွယ် ဘရာဇီးလ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရိုကွေးက အထောင်တိုက်စစ်နဲ့ ဘယ် ၊ ညာ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘရာဇီးကလပ် အက်သလက်တီကို အတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Transfer Room

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာက ယနေ့မနက် အစောပိုင်းမှာပဲ ဗစ်တာ ရိုကွေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီး ဗစ်တာ ရိုကွေးဟာ ဥရောပ နာမည်ကြီးကလပ် တချို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ဘာစီလိုနာ တသင်းထဲဆီသာ ပြောင်းရွှေ့ချင်ခဲ့တာကြောင့် တခြားကမ်းလှမ်းမှုတွေကို ငြင်းပယ်ကာ ဘာစီလိုနာဆီ ပြောင်းဖို့ သဘောတူခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဘာစီလိုနာက ဗစ်တာ ရိုကွေးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပေမယ့် ရိုကွေးရဲ့ ကလပ်အသင်း ဖြစ်တဲ့ အက်သလက်တီကိုနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့ လိုအပ်နေဆဲ ဖြစ်ပြီး အက်သလက်တီကိုက ရိုကွေးအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။