ဘာမင်ဂမ် စီးတီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ နည်းပြ ဝိန်း ရွန်နီက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကစားသမားလေး ဒန်ဂေါကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒါဘီကောင်တီ နဲ့ ဒီစီယူနိုက်တက်အသင်းတွေမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရွန်နီဟာ ဒီစီယူနိုက်တက်နဲ့ လမ်းခွဲပြီးတဲ့နောက် ရက်ပိုင်းလေးအတွင်းမှာပဲ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

လိဂ်ချန်ပီယံရှစ် ကလပ်အသင်း ဘာမင်ဂမ်ဟာ လွန်ခဲ့တဲ့ ၂၀၁၀-၁၁ ဘောလုံးရာသီကတည်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ချန်ပီယံရှစ်မှာပဲ ကျင်လည်နေခဲ့ရပါတယ်။

လက်ရှိ ဘောလုံးရာသီမှာ အမှတ်ပေးဇယားရဲ့ အဆင့် (၆)နေရာထိ ရပ်တည်ထားနိုင်တဲ့ ဘာမင်ဂမ်ဟာ နောက်ဆုံး (၃)ပွဲဆက်တိုက်ထိ နိုင်ပွဲပျောက်ဆုံးခဲ့ရာကနေ နည်းပြအပြောင်းအလဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဘီနဲ့အတူ ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း ကျင်လည်ခဲ့ဖူးတဲ့ ရွန်နီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

Photo Credit : Twitter X

လက်ရှိမှာတော့ ရွန်နီဟာ သူရဲ့ဘာမင်ဂမ်အသင်းအတွက် ကစားသမား အင်အားဖြည့်တင်းဖို့ သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် ကွင်းလယ်ကစားသမားလေး ဒန်နီရယ်ဂေါကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အသက် (၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွယ် ကစားသမားလေးဟာ ဒီနှစ် ဘောလုံးရာသီမှာ ယူနိုက်တက် စီနီယာအသင်းအတွက် စတင် ကစားပေးလာခဲ့ရပေမယ့် အသင်းရဲ့ စီနီယာ ကစားသမားတွေကျော်ပြီး ပွဲကစားခွင့် အများအပြား ရရှိဖို့ ခက်ခဲနေသေးတာကြောင့် ရွန်နီရဲ့ ဘာမင်ဂမ်အသင်းဆီ အငှားသွားကစားဖွယ် ရှိနေပါတယ်။