မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ဝိန်း ရွန်နီက လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေကို မြင်ရတာ ရင်နာရတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပြီး သူ့ရဲ့သားသမီးတွေကို ကလပ်အသင်း ထိပ်တန်းနေရာကို ပြန်ရောက်တာ မြင်တွေ့စေချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံးကစားသမားဖြစ်သူ ရွန်နီဟာ ကစားသမားဘဝက ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်အပါအဝင် ရယူနိုင်သမျှ ဆုဖလားအားလုံးကို ယူနိုက်တက်နဲ့အတူ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူအသင်းကနေ ထွက်ခွာပြီး (၈)နှစ်ကျော်အကြာမှာတော့ ကလပ်အသင်းရဲ့ စံနှုန်းတွေဟာ အလွန်အမင်းကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘရန့်ဖို့ဒ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့အခြေအနေကို ထပ်မံပေါ်လွင်စေခဲ့ပါတယ်။

Photo Credit : Goal

ရွန်နီက ဒီအခြေအနေတွေက သူ့ကို ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ထိခိုက်စေလဲဆိုတာကို သူ့ရဲ့သားနှစ်ယောက်နဲ့ ဥပမာပေးပြီး ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့သားတွေဖြစ်တဲ့ ကိုင်း (၁၅ နှစ်) နဲ့ ကလေး (၁၂ နှစ်) တို့ဟာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီမှာ ကစားနေကြတာဖြစ်ပါတယ်။

“ကျွန်တော်က မန်ယူနိုက်တက် ပရိသတ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာတာမဟုတ်ဘူး။ အဲဗာတန်ပရိသတ်အနေနဲ့ ကြီးပြင်းခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် ဒီကလပ်အသင်းနဲ့ အချိန်အများကြီး ကုန်ဆုံးခဲ့တယ်။ ကျွန်တော့်မိသားစု ကျွန်တော့်ကလေးနှစ်ယောက်က အခု ဒီကလပ်အသင်းမှာ ရှိနေကြပြီ။ ကျွန်တော် ဒီကလပ်နဲ့ ပတ်သက်နေခဲ့တာ နှစ်(၂၀)ကျော်ပါပြီ။ အခုမြင်နေရတာတွေက ကျွန်တော့်ကို နာကျင်စေပါတယ်။”

Photo Credit : The Mirror

“ကျွန်တော့်ရဲ့ အကြီးဆုံးသားတစ်ယောက်ပဲ ဒီအသင်း ပရီးမီးယားလိဂ်ဖလားရတာကို မြင်ဖူးတယ်။ ကျွန်တော့်ကလေးတွေက မန်ယူနိုက်တက် အောင်မြင်တယ်ဆိုတာ ဘာမှန်းမသိကြဘူး။ ကျွန်တော် သူတို့ကို အဲ့ဒါကို မြင်စေချင်တယ်။” လို့ ရွန်နီက ရင်နာစွာ ပြောကြားခဲ့ပါတယ်။ ရွန်နီက ကလပ်အသင်းရဲ့ ယဉ်ကျေးမှု ပျောက်ဆုံးနေပြီဖြစ်ကြောင်းနဲ့ လက်ရှိကစားသမားတွေမှာ အသင်းအတွက် တိုက်ခိုက်လိုစိတ်နဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေ ကင်းမဲ့နေကြောင်းကိုလည်း ဝေဖန်ခဲ့ပါတယ်။

“အဲ့ဒီဘောလုံးကလပ်ရဲ့ ယဉ်ကျေးမှုက ပျောက်ဆုံးသွားပြီ။ ကျွန်တော် နေ့တိုင်းမြင်နေရတယ်။ ဝန်ထမ်းတွေ အလုပ်ပြုတ်ကုန်တယ် လူတွေက အလုပ်ကနေ ထွက်ခွာသွားကြတယ်။” သူက ရွိုင်း ကိန်းနဲ့ ပေါလ် စခိုးလ်စ်တို့လို သူ့ရဲ့ကစားသမားဘဝက ခေါင်းဆောင်ကြီးတွေကို ဥပမာပေးပြီး “ရွိုင်း ကိန်းကိုသာ အဲ့ဒီအဝတ်လဲခန်းအလယ်မှာ ထားလိုက် ပေါလ် စခိုးလ်စ်ကိုသာ အဲ့ဒီအဝတ်လဲခန်းအလယ်မှာ ထားလိုက်” လို့ ပြောကြားခဲ့ပြီး သူကိုယ်တိုင်ပါဝင်ရမယ်ဆိုရင်တောင် “ကျွန်တော် ချက်ချင်းဝင်သွားမှာ” လို့ ဆိုခဲ့ပါတယ်။”ကျွန်တော် အဲ့ဒီကလပ်မှာ မြင်တွေ့နေရတာတွေက မန်ချက်စတာ ယူနိုက်တက် မဟုတ်တော့ဘူး” လို့ သူက နိဂုံးချုပ်ပြောဆိုသွားခဲ့ပါတယ်။