မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်းကြီး ဝိန်း ရွန်းနီက မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ကီဗင် ဒီဘရိုင်းဟာ လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်း စတီဗင် ဂျရတ်ထက် နည်းနည်းလေး ပိုသာတယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။
ရွန်းနီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကအတွက် ကီဗင် ဒီဘရိုင်းရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုတွေကို ချီးကျူးခဲ့ပြီး ဘယ်လ်ဂျီယံ ကွင်းလယ်ကြယ်ပွင့်ဟာ ဖန်တီးမှု အားသန်တဲ့ ကွင်းလယ်ကစားသမားဆိုတဲ့ အခန်းကဏ္ဍကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ မန်စီးတီးကို ရောက်ရှိလာချိန်ကတည်းက ဒီဘရိုင်းဟာ အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၆)ကြိမ် အပါအဝင် အဓိက ဆုဖလား (၁၆)လုံး ဆွတ်ခူးရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။
Photo Credit : Goal
Sky Bet က တင်ဆက်တဲ့ The Overlap အစီအစဉ်မှာ ပြောကြားရာမှာ ရွန်းနီက ဒီဘရိုင်းနဲ့ ဂျရတ်တို့ကြား တူညီမှုတွေ ရှိတာကို အသိအမှတ်ပြုခဲ့ပေမယ့် မန်စီးတီး ကစားသမားက တိုက်စစ်ပိုင်း စွမ်းဆောင်ရည် သွင်းဂိုးနဲ့ ဖန်တီးမှုမှာ အနည်းငယ် ပိုသာလွန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ “အရမ်း တူညီကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ တိုက်စစ်ပိုင်း အချက်အလက်တွေမှာ စတီဗင်ထက် နည်းနည်းလေး ပိုသာပါတယ်။ စတီဗင်မှာ ရှိတဲ့ အရည်အသွေးမျိုးတွေပါပဲ။ သူက ပိုပြီး ဘက်စုံကျတဲ့ ကစားသမားပါ။ ဒါပေမယ့် တိုက်စစ်ပိုင်း ကဏ္ဍမှာတော့ ဒီဘရိုင်းက မယုံနိုင်လောက်အောင် ကောင်းပါတယ်။”
“စီးတီးက ဆုံးဖြတ်ချက်တစ်ခု ချရပါလိမ့်မယ်။ သူတို့ အချိန်ကိုက် ဆုံးဖြတ်နိုင်လောက်ပါတယ်။ အခု ဘဏ္ဍာရေး မျှတမှု စည်းမျဉ်း FFPအရ ကစားသမားတစ်ယောက်က အသင်းအတွက် ဘာတွေလုပ်ပေးခဲ့တယ် ဆိုတာကို ကြည့်ပြီး သူ့ကို ဆက်ထိန်းထားလို့ မရတော့ပါဘူး။ သူ့နေရာကို အစားထိုးဖို့ လိုအပ်လာမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ (၁၀)နှစ်တာ ကာလအတွင်း အကောင်းဆုံး ကစားသမားတစ်ယောက်အနေနဲ့ သူက အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါက မယုံနိုင်စရာပါပဲ။” လို့ ရွန်းနီက ဆိုလိုက်ပါတယ်။
Photo Credit : Goal
ဒီဘရိုင်းရဲ့ အောင်မြင်မှုတွေ ရှိနေပေမယ့် ပြီးခဲ့တဲ့ ရာသီနှစ်ခုကတော့ ဒီဘရိုင်းအတွက် အဆင်ပြေချောမွေ့ခဲ့ခြင်း မရှိပါဘူး။ အခု အသက်(၃၃)နှစ် ရှိပြီဖြစ်တဲ့ ဒီဘရိုင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ကွင်းထဲက ကစားချိန်တွေပါ ကန့်သတ်ခံနေရမှုနဲ့ ဆက်တိုက်ဆိုသလို ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ကြံ့ခိုင်မှု ပြည့်ဝနေချိန်တွေမှာတော့ သူဟာ သူ့ရဲ့ ထူးချွန်မှုကို ဆက်လက် ပြသနေဆဲပါ။ ဒီလအစောပိုင်းက ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲမှာ သူဟာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့ပြီး သူ့ရဲ့ အစွမ်းအစတွေ ရှိနေဆဲဖြစ်ကြောင်း ပရိသတ်တွေနဲ့ ဝေဖန်သူတွေကို သတိပေးခဲ့ပါတယ်။
မန်စီးတီးနဲ့ သူ့ရဲ့ အနာဂတ်ဟာ နိဂုံးချုပ်ဖို့ နီးကပ်လာပြီ ဖြစ်ပေမယ့် ဒီဘရိုင်းနားက သူ့ရဲ့ နောက်ခြေလှမ်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ အတွေ့အကြုံရင့် ကွင်းလယ်ကစားသမားကို အမေရိကန် မေဂျာလိဂ်နဲ့ ဆော်ဒီ ပရိုလိဂ်က ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး ဒီနေရာနှစ်ခုစလုံးဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေနေတဲ့ ဥရောပရဲ့ အတွေ့အကြုံရင့် ကစားသမားတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်စရာတွေအဖြစ် ရှုမြင်ခံထားရပါတယ်။ ဒီဘရိုင်းဟာ လူနေမှုပုံစံ ပြောင်းလဲဖို့နဲ့ ပြည်ပမှာ ပြိုင်ဆိုင်မှု အသစ်တွေနဲ့ စွန့်စားမှုတစ်ခုကို ရွေးချယ်မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။