ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်ကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီက သူဟာ ယနေ့ညမှာ ကစားမယ့် မန်ချက်စတာဒါဘီကို စောင့်ကြည့်သွားမှာ ဖြစ်သလို သူ့ရဲ့ အသင်းဟောင်းနဲ့ ယှဉ်ရင် မန်ချက်စတာ စီးတီးက အသင်းငယ် အဆင့်ပဲ ရှိပါတယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဝိန်းရွန်းနီက အင်္ဂလန်ရဲ့ အထင်ကရ ဒါဘီပွဲတွေထဲက တခု ဖြစ်တဲ့ မန်ချက်စတာဒါဘီမှာ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူပါ။

Photo Credit: Foot The Ball

ယနေ့ည ၁၀နာရီမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး နှစ်သင်းစလုံးက သူတို့ရဲ့ ရည်မှန်းချက်တွေ အတွက် ရမှတ်တွေ စုဆောင်းဖို့ လိုအပ်နေတာကြောင့် အနိုင် ၃မှတ် အတွက် ဦးတည်ကာ ကစားကြဖွယ် ရှိပါတယ်။

လက်ရှိမှာတော့ ပပ် ဂွာဒီယိုလာ ဦးဆောင်နေတဲ့ မန်ချက်စတာ စီးတီးက တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ထက် ခြေစွမ်းပိုင်းရော ၊ စိတ်ဓာတ်ပိုင်းမှာပါ ပိုမို ကောင်းမွန်နေသလို ထိပ်တိုက် တွေ့ဆုံမှုတွေမှာလည်း အသာစီး ရရှိထားပါတယ်။

Photo Credit: Bein Sports

မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးထက် နိမ့်ပါးတဲ့ အခြေအနေကို ရောက်ရှိနေပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဝိန်းရွန်းနီကတော့ စီးတီးဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ယူနိုက်တက်ထက် အောင်မြင်မှုတွေ ပိုရနေပေမယ့် သမိုင်းကြောင်းကို ယှဉ်ကြည့်လိုက်ရင် ယူနိုက်တက် အတွက် စီးတီးဟာ အသင်းငယ် အဆင့်မှာသာ ရှိသေးကြောင်း ဆိုလာပါတယ်။

ဝိန်းရွန်းနီက – “မန်ချက်စတာဒါဘီပွဲကို စောင့်ကြည့်သွားမှာပါ။ စီးတီးက ယူနိုက်တက်နဲ့ ယှဉ်ရင် အမြဲတမ်း အသင်းငယ် ဖြစ်နေဦးမှာပါပဲ။ သူတို့တွေ ရခဲ့တဲ့ နှစ်အနည်းငယ် အောင်မြင်မှုတွေဟာ အရင်တုန်းက သူတို့အသင်းဟာ ဘယ်လိုအသင်းမျိုး ဖြစ်ခဲ့သလဲ ဆိုတာကို မေ့စေမှာ မဟုတ်ပါဘူး။ မန်ချက်စတာမြို့က အမြဲတမ်း အနီရောင် ဖြစ်နေမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။