ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီက လာမယ့် ဇွန်လ ၃ရက်နေ့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အက်ဖ်အေဗိုလ်လုပွဲမှာ သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက်က ပြိုင်ဘက် မန်ချက်စတာ စီးတီးကို အနိုင်ရလိမ့်မယ်လို့ ပြောလာပါတယ်။

မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ဘောလုံးရာသီမှာ အင်္ဂလန်ရဲ့ ပြည်တွင်းဖလားတွေ ဖြစ်တဲ့ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ကိုယ်စီ ကိုယ်စီ သိမ်းပိုက်ထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်တဲ့ အသင်းဟာ ပြည်တွင်းဖလား ၂လုံးကို တရာသီထဲနဲ့ ကိုင်မြှောက်ခွင့် ရမှာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ကြိမ် ယှဉ်ပြိုင် ကစားထားရာမှာလည်း နှစ်သင်းစလုံးက အိမ်ကွင်းပွဲတွေမှာ ကိုယ်စီ အနိုင်ရထားတာကြောင့် ကြားကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်နေပါတယ်။

ဒါပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့တဲ့ မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ဝိန်းရွန်းနီကတော့ အက်ဖ်အေဗိုလ်လုပွဲဟာ အချိန်ပိုနဲ့ ပင်နယ်တီ အထိ ရောက်ဖို့ ရာခိုင်နှုန်း များနေသလို မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို အနိုင်ရလိမ့်မယ်လို့ ထင်မိကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

ဝိန်းရွန်းနီက – “ကျွန်တော်က အက်ဖ်အေဗိုလ်လုပွဲဟာ စိတ်လှုပ်ရှားစရာကောင်းမယ့်ပွဲ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒီဗိုလ်လုပွဲက အချိန်ပိုနဲ့ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်သွားဖို့ ရှိပါတယ်။ ပြီးတော့ အကြောင်းပြချက် တချို့ကြောင့် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင်ရသွားလိမ့်မယ်လို့ ထင်နေပါတယ်။ ကျွန်တော် ထင်သလို ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ အက်ဖ်အေဗိုလ်လုပွဲကို လာမယ့် ဇွန်လ ၃ရက်နေ့ ည ၈နာရီခွဲ အချိန်မှာ အင်္ဂလန်နိုင်ငံရဲ့ နိုင်ငံပိုင်ကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။