အင်္ဂလန် ကစားသမားဟောင်းကြီးဖြစ်တဲ့ ဝိန်းရွန်နီက အင်္ဂလန်မှာ သူနဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ အကြီးကျယ် အခမ်းအနားဆုံး ကစားသမားတစ်ယောက် ဖြစ်တယ်လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၀)အရွယ် ရှိပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေ စတင်ပြီး အင်္ဂလန် လက်ရွေးစင်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ရင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးဆု ပိုင်ဆိုင်ခဲ့သလို အခုဆိုရင်လည်း အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

ဟယ်ရီကိန်းက အင်္ဂလန်အသင်းအတွက် (၈၉)ပွဲ ကစားပေးခဲ့ရင်း (၆၂)ဂိုးအထိ သွင်းယူထားနိုင်ပြီး သူရဲ့ စီနီယာကြီး ရွန်နီထက် (၉)ဂိုးအထိ အသာရရင်း အင်္ဂလန်ရဲ့ ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဟယ်ရီကိန်းက သူရဲ့ အသင်းသစ် ဘိုင်ယန်နဲ့အတူ ဥရောပ ရွှေဖိနပ်ဆုအထိပါ ရယူထားနိုင်ပြီး ယူရို-၂၀၂၄ပြိုင်ပွဲမှလည်း အင်္ဂလန်အသင်းကို ဦးဆောင်သွားတော့မှာ ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်မှုကောင်းတွေ ပြသထားတဲ့ ဟယ်ရီကိန်းနဲ့ ပတ်သက်ပြီး သူ့စီနီယာကြီး ရွန်နီက “ဟယ်ရီကိန်းဟာ မယုံနိုင်လောက်စရာ ကစားသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ သူဟာ အင်္ဂလန်ရဲ့ အကြီးကျယ်ဆုံး ကစားသမားတစ်ဦး ပရော်ဖက်ရှင်နယ် အဆန်ဆုံး ကစားသမားတစ်ဦးလို့ ကျွန်တော် ပြောချင်ပါတယ်။”လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဟယ်ရီကိန်းဟာ ဒီနွေမှာမှ စပါးအသင်းကနေ ဆုဖလား အာမခံချက်တွေ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် သူရဲ့ ဆုဖလားတွေနဲ့ ကံမစပ်မှုဟာ ဘိုင်ယန်လို အသင်းမျိုးဆီ ရောက်သွားတာတောင်မှ ပျောက်ပြယ်သွားခြင်း မရှိပဲ ပြည်တွင်းဖလားတွေဖြစ်တဲ့ ဘွန်ဒက်စ်လီဂါဖလား ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကို လက်လွတ်ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်ထိ ရောက်ပြီးမှ ရီးယဲလ်ကို အရှုံးပေးခဲ့ရင်း လှည့်ပြန်ခဲ့ရပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းက သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ သူ့အသင်းသစ်အတွက် (၄၅)ပွဲကစား (၄၄)ဂိုးသွင်း (၁၂)ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ (၃၆)ဂိုးအထိ သွင်းယူရင်း ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတို့ကိုပါ ဆွတ်ခူးနိုင်ခဲ့ရင်း ယူရို-၂၀၂၄ပြိုင်ပွဲအတွက်လည်း အဆင်သင့် ဖြစ်လို့နေရပါတယ်။