လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး ဝိန်းရွန်နီက လက်ရှိမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး သူရဲ့ ယူနိုက်တက်အသင်းဖော်ဟောင်းတွေထက်ပင် အခြေအနေ ဆိုးရွှားလို့နေရပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သူ ရွန်နီဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြနယ်ပယ်ထဲကို ချက်ချင်း ဝင်ရောက်ခဲ့ရင်း ဒါဘီကောင်တီအသင်းကို စတင် ကိုင်တွယ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါဘီမှာ နည်းပြအဖြစ် (၂)နှစ်နီးပါးလောက် ကျင်လည်ခဲ့တဲ့ ရွန်နီဟာ ၂၀၂၂မှာတော့ ကစားသမားဘဝတုန်းက ကျင်လည်ခဲ့တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ဆီ နည်းပြအဖြစ် ထပ်မံ ရောက်ရှိခဲ့ပြန်ပြီး အဲ့ဒီမှာလည်း အောင်မြင်မှု မရခဲ့ပဲ ၂၀၂၃ အောက်တိုဘာလမှာ ဘာမင်ဂမ်အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

ဘာမင်ဂမ်အသင်းကလည်း အဆင့်(၆)နေရာထိ ရောက်ရှိအောင် ပို့ဆောင်ပေးထားတဲ့ နည်းပြဖြစ်သူကိုမှ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ရွန်နီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ရွန်နီကို ခန့်အပ်ပြီးမှ ဘာမင်ဂမ်အသင်းဟာ ရလဒ်ပိုင်းတွေ ပိုမို ဆိုးရွှားလာခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၂၀)ထိ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : The Sun

ရွန်နီက ပြီးခဲ့တဲ့ အောက်တိုဘာ (၁၁)ရက်နေ့ကနေ စတင်ပြီး ဇန်နဝါရီ (၁)ရက်နေ့အထိ ဘာမင်ဂမ်အသင်းအတွက်ကို (၁၅)ပွဲ ကိုင်တွယ်ထားခဲ့ရာ (၂)ပွဲသာ အနိုင်ရခဲ့ပြီး (၄)ပွဲသရေ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါ့အပြင် ရွန်နီရဲ့ နည်းပြဘဝတစ်လျှောက် နိုင်ပွဲရာခိုင်နှုန်းဟာ (၂၆.၁)%သာ ရှိခဲ့ရပါတယ်။

ရွန်နီလို ကစားသမားဘဝကနေ နည်းပြနယ်ပယ်ထဲ ဝင်ရောက်လာခဲ့တဲ့ ယူနိုက်တက် ကစားသမားဟောင်းတွေထဲမှ ပေါလ်စခိုးက နိုင်ပွဲရာခိုင်နှုန်း (၃၀.၈)% ဂယ်ရီနဗီးလ်က နိုင်ပွဲရာခိုင်နှုန်း (၃၅.၇)%အထိ ရရှိခဲ့တာကြောင့် ရွန်နီက နည်းပြအလုပ်ကို ကျောခိုင်းသွားပြီဖြစ်တဲ့ စခိုး နဗီးလ်တို့ထက်ပင် ပိုပြီး အကြောင်းဆိုးနေရပါတယ်။