နည်းပြ ဝိန်း ရွန်နီက သူလက်ရှိ ကိုင်တွယ်နေတဲ့ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း မကုန်ဆုံးသေးခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။

အသက် (၃၇)နှစ်အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရွန်နီဟာ ဘောလုံးသမားဘဝကို အဆုံးသတ်လိုက်ချိန်မှာပဲ နည်းပြနယ်ပယ်ထဲကို ချက်ချင်း ပြောင်းလဲ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။

Photo Credit : The Times

မန်ယူနိုက်တက် အဲဗာတန်တို့လို အသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့ရင်း ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ရွန်နီဟာ ကစားသမားဘဝရဲ့ နောက်ဆုံးကလပ် ဒါဘီကောင်တီအသင်းမှာပဲ နည်းပြဘဝကို စတင်ခဲ့ပါတယ်။

ရွန်နီက ဒါဘီကို ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းမဆင်းရအောင် လုပ်ဆောင်နိုင်ပေမယ့် အသင်းက ဘဏ္ဍာရေး ပြသာနာတွေနဲ့ ယိုင်နဲ့လာချိန် အသင်းနဲ့ လမ်းခွဲခဲ့ပြီး ကစားသမားဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒီစီယူနိုက်တက်မှာလည်း နည်းပြရွန်နီက အသင်းအတွက် လောက်လောက်ငှငှ မစွမ်းဆောင်ပေးနိုင်တာကြောင့် စာချုပ်သက်တမ်း မပြည့်သေးချိန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်လိုက်ဖို့ ဆုံးဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီလို ဆုံးဖြတ်ဖို့ အချိန်တန်ပါပြီ။ ဒီကလပ်အသင်းတွေကို ပလေးအော့အဆင့်ထိ တက်လှမ်းနိုင်ဖို့ ကျွန်တော် တက်နိုင်သမျှ ကြိုးစားခဲ့ပြီးပါပြီ။ ဖြစ်ပျက်ခဲ့တာတွေက တစ်ခုတည်း မဟုတ်ပါဘူး။ နောက်ထပ် ကျွန်တော့်အတွက် အလုပ်အသစ်ကလား။ အဲ့ဒီလိုတော့ မရှိမနေသေးပါဘူး။” လို့ ရွန်နီက ပြောဆိုသွားခဲ့ပါတယ်။