ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ အာဆင်နယ်အနေနဲ့ မန်ချက်စတာ စီးတီးကို အနိုင် ကစားနိုင်ဖို့ ဘယ်လိုပုံစံနဲ့ ကစားသင့်လဲ ဆိုတာကို ပြောပြလာခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၅ကြိမ် အပါအဝင် အဓိက ဆုဖလားပေါင်း ၁၇လုံး အထိ ရယူနိုင်ခဲ့သူပါ။

Photo Credit: Metro

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့က ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ အသင်းတွေ ဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ရမှတ် ၅မှတ် အသာစီး ရနေပေမယ့် မန်ချက်စတာ စီးတီးက ပွဲကျန် ၂ပွဲ ကစားဖို့ ကျန်နေသေးတာကြောင့် အဆိုပါ လက်ကျန် ၂ပွဲမှာသာ မန်ချက်စတာ စီးတီးက နိုင်ပွဲတွေ ရခဲ့မယ် ဆိုရင် စီးတီးဟာ အာဆင်နယ်ထက် ရမှတ် ၁မှတ် အသာ ရသွားတော့မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကို ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် အဖြစ် အားလုံးက တညီတညွတ်ထဲ သတ်မှတ်ထားကြပြီး ဘောလုံးရေးရာ သုံးသပ်သူ အများစုက အဆိုပါပွဲမှာ အိမ်ရှင် မန်ချက်စတာ စီးတီးကပဲ အနိုင်ရသွားလိမ့်မယ်လို့ ယူဆထားကြပါတယ်။

Photo Credit: Sports Bible

ဒါပေမယ့် ဝိန်းရွန်းနီကတော့ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ ဒုက္ခပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အာဆင်နယ်က မန်ချက်စတာ စီးတီးကို ဒုက္ခပေးချင်ရင် ခံစစ်ပိတ်မဆော့ပဲ တန်ပြန်တိုက်စစ် လှိုင်လှိုင် သုံးကာ ကစားသင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက – “အာဆင်နယ်က အာလင်း ဟာလန်းကို ဘယ်လိုမျိုး တားဆီးမှာလဲ။ ဆာလီဘာ ဒဏ်ရာရနေတဲ့ အချိန်မှာ အာဆင်နယ်ရဲ့ ခံစစ်မှူးတွေထဲက ဘယ်သူကမှ ဟာလန်းကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် အာဆင်နယ်က အဲ့ဒီပွဲမှာ ရလဒ်ကောင်း တခု ရချင်ရင် ကစားကွက် အသာစီးနဲ့ ကစားနိုင်အောင် ကြိုးစားရပါမယ်။ အာဆင်နယ်က တိုက်စစ်-ခံစစ် ကူးပြောင်းတဲ့ အချိန်တွေကိုသာ အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်ပါလိမ့်မယ်။ ဘိုင်ယန်မြူးနစ်ကလည်း စီးတီးရဲ့ အားနည်းချက်ဟာ တိုက်စစ်-ခံစစ် ကူးပြောင်းတဲ့ အချိန်ပဲ ဆိုတာကို သက်သေပြပြီးပါပြီ။ ဘိုင်ယန်မြူးနစ်နဲ့ စီးတီး ပွဲမှာ ဆိုရင် ဆာနေးက ရလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သင့်တာပါ။ ဆာနေးက ရလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ အဲ့ဒီလို အခွင့်အရေးမျိုးတွေကို သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူတို့မှာ ဆာကာ ၊ မာတီနယ်လီနဲ့ ဂျေဇူးတို့လို အရည်အသွေးမြင့် တိုက်စစ် ကစားသမားတွေ ရှိပါတယ်။ အာဆင်နယ်က ဟာလန်းကို ဘယ်လို တားဆီးမလဲ ဆိုတာကို တွေးနေမယ့် အစား မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို ဘယ်လို ထိုးဖောက်ရမလဲ ဆိုတာကို တွေးနေသင့်ပါတယ်။ အာဆင်နယ်က “ရာသီအစမှာ ဘယ်သူကမှ ငါတို့တွေ ချန်ပီယံလောင်း ဖြစ်မယ်လို့ တွေးထားကြမှာ မဟုတ်ဘူး။ အခုတော့ ငါတို့က ချန်ပီယံလောင်း ဖြစ်နေပြီ။ ဒီတော့ ငါတို့တွေ သူတို့ကွင်းဆီ သွားပြီး အနိုင်ကစားမယ်” ဒီလို စိတ်ဓာတ်မျိုး ထားဖို့ လိုပါမယ်။ တကယ်လို့ အာဆင်နယ်က ခံစစ်မှာပဲ ထိန်းဆော့သွားမယ်လို့ စဉ်းစားနေရင်တော့ မန်ချက်စတာ စီးတီးရဲ့ စိတ်ကြိုက် ကစားတာကို ခံရပြီး ရှုံးပွဲနဲ့ပဲ ကြုံရပါလိမ့်မယ်” လို့ အာတီတာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို အကြံပေးစကား ပြောကြားသွားခဲ့တာပါ။