မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဝိန်း ရွန်းနီက အသင်းရဲ့ လက်ရှိ ပုံစံက ပရမ်းပတာ ဖြစ်နေတယ်လို့ ထောက်ပြ ဝေဖန်သွားခဲ့ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်မှုတွေ ပိုမို ကောင်းမွန်လာဖို့ လိုအပ်နေသေးတယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ အာဆင်နယ်အသင်းကို ဧည့်ခံကစားခဲ့ရပြီး ထရော့ဆာရဲ့ သွင်းဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒါဟာ ၂၀၀၆-၀၇ ဘောလုံးရာသီနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီတစ်ရာသီအတွင်းမှာပဲ ပြိုင်ပွဲစုံ (၁၉)ပွဲအထိကို ရှုံးပွဲကြုံထားခဲ့ရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အနေနဲ့ ဒီအာဆင်နယ်နဲ့ပွဲမှာ အရင်ပွဲတွေကထက် ကစားပုံ အနည်းငယ် ကောင်းမွန်ခဲ့ပေမယ့်လည်း တိုက်စစ်က သွင်းဂိုးတွေ ဖန်တီးနိုင်ခြင်း မရှိတာနဲ့ ကစားသမားတချို့ရဲ့ အမှားတွေ ရှိခဲ့တာက အသင်းအတွက် ရှုံးပွဲဆက်သွားစေခဲ့ရပါတယ်။

အခုဆိုရင် ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲဖို့ သိပ်မဖြစ်နိုင်တော့တဲ့ အခြေအနေပါ ဖြစ်လာခဲ့ရပြီး လက်ရှိ အသင်းရဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ကစားသမားဟောင်းကြီး ရွန်းနီက သူ့အမြင်တွေကို ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ “အသင်းရဲ့ ပုံစံကို ကြည့်ရတာ အချိတ်အဆက် မရှိသလိုမျိုးကို ဖြစ်နေတယ်။”

Photo Credit : talkSPORT

“နောက်ပြီး အသင်းက အသင်းလိုက် စုစုစည်းစည်း မရှိပဲနဲ့ တစ်ဦးကောင်းတွေနဲ့သာ ကစားနေသလိုပဲ။ ဒါက စိုးရိမ်စရာ ရှိပါတယ်။ အမှတ်ပေးဇယားရဲ့ အလယ်အလတ်နဲ့ အောက်ခြေနားက အသင်းတွေကို ကြည့်လိုက်မယ်ဆိုရင်တောင် အဲ့ဒီအသင်းတွေမှာ ပေါင်းစည်းမှုနဲ့ ကျစ်လျစ်မှုတွေ ရှိနေပါသေးတယ်။”

“ကစားသမားတွေအနေနဲ့ကလည်း သူတို့ကိုယ်သူတို့ ပြန်ပြီး ဆန်းစစ်ရပါလိမ့်မယ်။ သူတို့တွေက နည်းပြအတွက်လည်း ကောင်းကောင်းမွန်မွန် ကစားပေးနိုင်ခြင်းလည်း မရှိသေးဘူး။ ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့လည်း ကွင်းထဲ လုံးဝ ဝင်ကစားလို့ မရနိုင်တဲ့ ဒဏ်ရာမျိုး မဟုတ်နေရင် အသင်းအတွက် ရအောင် ကစားပေးသင့်ပါတယ်။” လို့ ရွန်းနီက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။