ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်နေတဲ့ ဝိန်းရွန်းနီက ယခုတပတ်မှာ ကြားရက်မှာ ယှဉ်ပြိုင် ကစားမယ့် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန် ကိုယ်စားပြု မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို ခြေပြတ် ၊ ဂိုးပြတ် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း ဖြစ်နေတဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းကလည်း အတော်လေး ကောင်းနေကြပါတယ်။

Photo Credit: Marca

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာလည်း ထိပ်တိုက် တွေ့ဆုံခဲ့ဖူးကာ ပြီးခဲ့တဲ့နှစ်မှာ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို နောက်ကျ အနိုင်ဂိုးနဲ့ အနိုင်ရကာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် ယခုတကြိမ်ဟာ မန်ချက်စတာ စီးတီး အတွက် မကျေပွဲလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ကို ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး ဝိန်းရွန်းနီကတော့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ရောက်ရင် ခြေစွမ်းတွေ ထိုးတက်သွားသလို အတွေ့အကြုံရင့် ကစားသမားတွေလည်း များပြားပေမယ့် ဒီနှစ်မှာ မန်ချက်စတာ စီးတီးရဲ့ ခြေစွမ်းက ပြောစရာ မရှိအောင် ကောင်းနေတာကြောင့် မန်ချက်စတာ စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရုံတင် မဟုတ်ပဲ ခြေစွမ်းပါ အပြတ်အသတ် အသာရသွားလိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

Photo Credit: Marca

ဝိန်းရွန်းနီက – “မန်စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူမှာ မဟုတ်ပါဘူး။ သူတို့က ရီးရဲလ်မက်ဒရစ်ကို တစစီ ဖြစ်သွားအောင် ချေမှုန်းပါလိမ့်မယ်။ မက်ဒရစ်က ဟာလန်းကို ဘယ်လိုမျိုး ဟန့်တားမှာလဲ။ ရီးရဲလ်ခံစစ်မှူး အန်တိုနီယို ရူဒီဂါက ပြိုင်ဘက် တိုက်စစ်မှူးတွေကို ကောင်းကောင်း ရင်ဆိုင်နိုင်စွမ်း ရှိသလို တဦးချင်း ဖျက်ထုတ်မှုတွေမှာလည်း အားသန်တဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ရူဒီဂါဟာ ဟာလန်းကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ရီးရဲလ်မက်ဒရစ်ရဲ့ အတွေ့အကြုံနဲ့ သမိုင်းကြောင်းတွေကြောင့် ချန်ပီယံလိဂ်ပွဲတွေ ရောက်ရင် သူတို့ကို ဆန့်ကျင်ဖို့ ဆိုတာ အတော်လေး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်သာ လောင်းကြေး ထပ်ရမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ကို လောင်းမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဒီနှစ်ဟာ စီးတီးရဲ့ နှစ်ပဲလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။