ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ မနေ့ညက အယ်လ်နာဆာအသင်းနဲ့ အီရန်ကလပ် အက်စ်တီဂလာလ်အသင်းတို့ရဲ့ AFC ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုကျော့ပွဲမှာ အယ်လ်နာဆာအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝအတွင်း ထူးခြားသော မှတ်တိုင်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ရပြန်ပါတယ်။
အီရန်မှာ ကစားခဲ့တဲ့ ပကျော့ပွဲကို လုံခြုံရေး အခြေအနေတွေကြောင့် လွဲချော်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခု ဆော်ဒီမှာ ကစားတဲ့ ဒုကျော့ပွဲကိုတော့ ပြန်လည် ပါဝင်လာခဲ့သလို အသင်းအတွက် ဒုတိယမြောက်ဂိုးကိုပါ ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး ကျန်တဲ့ ဂိုးတွေကိုတော့ ဂျွန် ဒူရန်က သွင်းယူသွားခဲ့ကာ ကွာတားဖိုင်နယ်ဆီတက်လှမ်းသွားခဲ့ပါတယ်။
အခု သွင်းဂိုးဟာ ရော်နယ်လ်ဒိုအတွက်တော့ ကစားသမားဘဝရဲ့ စုစုပေါင်း သွင်းဂိုး (၉၂၇)ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး AS သတင်းမီဒီယာကနေ ဖော်ပြချက်အရတော့ အသက်(၄၀)အရွယ် ကစားသမားဟာ အသက်(၃၀)မတိုင်ခင်က သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်တွေထက် (၃၀)နောက်ပိုင်း သွင်းခဲ့တဲ့ ဂိုးပမာဏကတောင် ပိုများနေတယ်လို့ သိရပါတယ်။
ရော်နယ်လ်ဒိုဟာ အသက်(၃၀)မတိုင်ခင်မှာ ပေါ်တူဂီ ၊ စပို့တင်း လစ္စဘွန်း ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးယဲလ် မက်ဒရစ်တို့အတွက် (၄၆၃)ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီးတော့ အသက်(၃၀)နောက်ပိုင်းမှာလည်း ရီးယဲလ် ၊ ဂျုဗင်တပ်စ် ၊ ယူနိုက်တက် ၊ အယ်လ်နာဆာနဲ့ ပေါ်တူဂီအသင်းတို့အတွက် (၄၆၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဆက်လက်ပြီးတော့ ဂိုးအရေအတွက်က ပိုများလာဖွယ်သာ ရှိနေပါတယ်။
Photo Credit : Goal
ဒါ့အပြင် ရော်နယ်လ်ဒိုက အသက်(၃၀)နောက်ပိုင်းမှာလည်း သူပိုင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလား (၅)လုံးထဲကမှ (၃)လုံး အမှတ်ပေးလိဂ်ဖလား (၆)လုံးထဲကမှ (၃)လုံး ဘာလွန်းဒေါဆု (၅)ကြိမ်ထဲကမှ (၂)ကြိမ်တို့ကို ဆွတ်ခူးခဲ့သလို ပေါ်တူဂီနဲ့အတူ ယူရိုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ချိန်ကလည်း အသက်(၃၁)နှစ်အရွယ်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက်ပိုင်း ၂၀၂၃ နှစ်စပိုင်းကတည်းက ဆော်ဒီလိဂ်ဆီ ရောက်ရှိနေခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အခုဆိုရင် အယ်လ်နာဆာ ကစားသမားဘဝ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၀၂)ပွဲအထိ ကစားထားခဲ့သလို သွင်းဂိုးစုစုပေါင်း (၉၁)ဂိုးအထိတောင် သွင်းယူပေးထားနိုင်ခဲ့ပါတယ်။