၂၀၂၃-၂၀၂၄ ဆော်ဒီ ပရိုလိဂ် ဘောလုံးပြိုင်ပွဲဟာ လာမယ့် တစ်ပတ်မှာပဲ စတင် ကျင်းပသွားတော့မှာဖြစ်ပြီး အဖွင့်ပွဲစဉ်မှာပဲ ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်နေတဲ့ အယ်လ် နာဆာအသင်း နဲ့ စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ် အက်တီဖာအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

လက်ရှိမှာ နာမည်ကြီး ဘောလုံးသမားတွေကို အဆက်မပြတ် ခေါ်ယူထားမှုနဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်တဲ့ ဆော်ဒီလိဂ်ဟာ ယခင်ကထက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာဖို့ ရှိနေပြီး အဖွင့်ပွဲစဉ်မှာပဲ အသင်းကြီး နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေရပါတယ်။

Photo Credit : Twitter

ယခင်က ပရီးမီးယားလိဂ်ကို ဦးစားပေး ကြည့်ရှုခဲ့ရတဲ့ ဘောလုံး ပရိသတ်တွေအတွက် လာလီဂါ စီးရီးအေ ဘွန်ဒက်စ်လီဂါ နဲ့ လီဂူးတို့နည်းတူ ဆော်ဒီလိဂ်ဟာလည်း စောင့်ကြည့်ချင်စရာ option တစ်ခု ဖြစ်လာခဲ့ရပြီး နာမည်ကျော် ကစားသမားတွေ ဖြည့်တင်းထားတဲ့ အသင်းအရေအတွက်ဟာလည်း တစ်စတစ်စနဲ့ များပြားလာခဲ့ပါတယ်။

အခုဆိုရင် နာမည်ကျော် ရုပ်သံတစ်ခုဖြစ်တဲ့ DAZN ကပါ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲရဲ့ ဗြိတိန် ရုပ်သံ ထုတ်လွှင့် ပြသခွင့်ကို ရယူနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံမှာပါ ထုတ်လွှင့်ပြသနိုင်ဖို့အတွက်လည်း ဆက်လက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo Credit : The Mirror

ဒီလို လူစိတ်ဝင်စားမှု များပြားလာရတဲ့ ဆော်ဒီလိဂ်ရဲ့ ဘောလုံးရာသီသစ်ကို ဒီတစ်ပတ် သောကြာနေ့မှာပဲ စတင် ကျင်းပတော့မှာဖြစ်ပြီး မာနေး တဲလက်စ် ဘရိုဇိုုဗစ်တို့ကို ခေါ်ယူထားတဲ့ ရော်နယ်လ်ဒိုရဲ့ အယ်လ် နာဆာအသင်း နဲ့ ဟန်ဒါဆန် ဂျရတ်တို့ရဲ့ အယ်လ် အက်တီဖာအသင်းတို့ ထိပ်တိုက် တွေ့ဆုံလို့နေပါတယ်။

ဒီပွဲမှာတော့ တစ်ချိန်က လီဗာပူးလ် အသင်းဖော်တွေ ဖြစ်ခဲ့ကြတဲ့ မာနေး နဲ့ ဟန်ဒါဆန်တို့ကို ပြိုင်ဘက်တွေအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အာရပ် ကလပ် ချန်ပီယံရှစ်မှာ ရလဒ်တွေ ဆက်တိုက် ကောင်းမွန်နေတဲ့ အယ်လ် နာဆာကို ဂျရတ်ရဲ့ အယ်လ် အက်တီဖာအသင်းက ဘယ်လို ဟန့်တားသွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။